ကန့်ဘလူမှာ လေးရက်အတွင်း အမျိုးသားနှစ်ဦး မြွေကိုက်ခံရ

ဇွန်၊ ၉
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်အတွင်းမှာ လေးရက်အတွင်း အမျိုးသားနှစ်ဦး မြွေကိုက်ခံခဲ့ရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင် က တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
ကိုးထောင်ဘို့ တိုက်နယ်ထဲက အသက် (၃၀) အရွယ် အမျိုးသားတဦး ဟာ ဇွန်လ ၆ ရက်၊ ညနေ နွားသွင်းသွားချိန်မှာပဲ မြွေဆိုးကိုက်ခံခဲ့ရတာကြောင့် ဆေးဝါးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
 
အဆိုပါအမျိုးသားကို အိန္ဒိယမြွေဆိပ်ဖြေဆေး လေးလုံး ထိုးပေးထားရပြီး လက်ရှိမှာတော့ အခြေအနေ စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ဒေသခံကူညီသူတွေက ပြောပါတယ်။
 
ဒါ့အပြင် ဇွန်လ (၈)ရက်မှာလည်း ချပ်သင်းတိုက်နယ်က အသက် (၂၉)နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသားတဦး စစ်ရှောင်တဲမှာ သန့်ရှင်းရေးလုပ်ချိန် မြွေဆိုးကိုက်ခံရတာကြောင့် အဆိုပါအမျိုးသားဟာလည်း ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
 
အဲ့ဒီအမျိုးသားကိုတော့ မြန်မာ့ဆေးဝါးလုပ်ငန်း BPI ထုတ် မြွေဆိပ်ဖြေဆေး လေးလုံး ထိုးနှံပေးထားတယ်လို့ သိရပါတယ်။
 
ကန့်ဘလူနယ်မှာ မြွေဆိုးကိုက်ခံရတယ်ဆိုပါက နီးစပ်ရာကျေးရွာတွေက ကျန်းမာရေး စောင့်ရှောက်ပေးနေသူတွေက မြန်မာ့ဆေးဝါးလုပ်ငန်း BPI ထုတ် မြွေဆိပ်ဖြေဆေးနဲ့ အိန္ဒိယနိုင်ငံထုတ် မြွေဆိပ်ဖြေဆေးကို အဓိကထားသုံးပြီး ကုသမှုပေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
 
လက်ရှိမြန်မာ့ဆေးဝါးလုပ်ငန်း BPI ထုတ် မြွေဆိပ်ဖြေဆေးတလုံးကို ကျပ်တသိန်းသုံးသောင်းလောက် ပေးဝယ်ရသလို အိန္ဒိယမြွေဆိပ်ဖြေဆေးတလုံးကို ကျပ်လေးသောင်းလောက်ဈေးရှိပြီး လိုသလောက် ဝယ်မရဘူးလို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင် က တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ကန့်ဘလူခရိုင်အတွင်းမှာ လတိုင်းနီးပါးဆိုသလို စစ်ရှောင်တွေ မြွေကိုက်ခံနေရကာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကနေ စတင်ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ မြွေဆိုးကိုက်ခံရသူ ၇၁ ဦးအထိ ရှိတယ်လို့ မြေပြင်မှာ ဆေးဝါးကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ စုဆောင်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
 
မြွေဆိုးကိုက်ခံရသူတွေကို အချိန်မီကုသမှု ပေးနိုင်ခဲ့တဲ့အတွက် အများစုကို အသက်ကယ်တင်နိုင်ခဲ့ပေမယ့် အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦး အပါအဝင် ခြောက်ဦးကတော့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
 
“ မြွေဆိုးပေါတဲ့ အရပ်တွေဆိုတော့ မြွေကိုက်ခံရတာတွေ မကြာခဏဆိုသလို တွေ့နေကြားနေရတာပေါ့ဗျာ။ လူနာတွေပေါလာသလို မြွေဆိပ်ဖြေဆေး လိုအပ်ချက်တွေလည်း မြင့်လာတာပေါ့။ ဒီလိုဒေသက လူတွေကို တတ်နိုင်သူတွေက မြွေဆိပ်ဖြေဆေး ကူပေးနိုင်ရင်တော့ ဝမ်းသာမိမှာပါ ” လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင် က တာဝန်ရှိသူတဦးက ပြောပါတယ်။
ဓာတ်ပုံ – ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအသင်း