ကလေးမြို့၊ ဇင်းကလင်းရွာခံတွေကို နှင်ထုတ်ပြီး ပစ္စည်းတွေသိမ်းယူတာရှိနေ

ဇွန်၊ ၉
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ လေးမိုင်ခန့်အကွာမှာရှိတဲ့ ဇင်းကလင်းကျေးရွာကို ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်ကာ ဒေသခံတွေကို အဓမ္မနှင်ထုတ်ပြီး ပျူစောထီးတွေက ပစ္စည်းတွေ သိမ်းယူတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
” အခုတပ်စွဲထားတဲ့ ဇင်းက‌လင်းရွာကတော့ ပြည်သူတွေရော ပစ္စည်းတွေရော ရွှေ့ခိုင်းနေတာ၊ မနေ့ကအထိတော့ သယ်လို့ရသေးတယ်၊ ဒီနေ့မနက်တော့ သယ်လို့မရတော့ဘူး ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
အင်အားတရာဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ဟာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေတာကြောင့် ဇင်းကလင်းရွာဒေသခံ တထောင်ဝန်းကျင်ဟာ ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
 
အဲ့ဒီအဖွဲ့ဟာ ဇင်းကလင်းကျေးရွာတွင်းကို ဝင်ရောက်ကာ ဘန်ကာတွေဆောက်ပြီး အထိုင်ချနေတာကြောင့် ဒေသခံတွေဟာ အခုလိုထွက်ပြေးနေကြရတာဖြစ်ပြီးတော့ ဒေသခံတွေရဲ့ကျန်ရှိနေတဲ့ပစ္စည်းကို ဒီကနေ့မနက်ပိုင်းကစပြီး သယ်ယူခွင့် မပေးတော့ဘူးလို့လည်း သိရပါတယ်။
 
“ ပျူတွေ တအိမ်တက်တအိမ်ဆင်း ဝင်သယ်နေတာ၊ တီဗီတွေ အောက်ဆက်တွေ၊ သူတို့သယ်လို့ရတာတွေပေါ့၊ ဆိုင်တွေက ပစ္စည်းတွေရော၊ သယ်နေတာက ပျူမတွေ များတယ် ” လို့လည်း အဲဒီဒေသခံက ဆက်ပြောပါတယ်။
 
ဇင်းကလင်းကျေးရွာမှာ ဝင်ရောက်တပ်စွဲနေတဲ့ အဲ့ဒီစစ်ကြောင်းဟာ လက်နက်ကြီးတွေနဲ့ အနီးနားဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်တာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
လက်ရှိမှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေမှုတွေကြောင့် ဇင်းကလင်း၊ ရေလဲဦး၊ ပေါက်ခုံကျေးရွာတွေက ဒေသခံသုံးထောင်နီးပါးဟာ မိုးထဲလေထဲမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
 
အဲဒီစစ်ရှောင်တွေဟာ ရှောင်တိမ်းရတဲ့ ရက်တွေကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ၊ ဆေးဝါးအပါအဝင် အခက်အခဲတွေ ကြုံလာကြရတယ်လို့လည်း ဒေသခံတွေကပြောကြပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ-စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဇင်းကလင်းရွာမှာ ၂၀၁၅ ခုနှစ်က ရေကြီးရေလျှံမှုဖြစ်ပွါးစဉ်။