ညောင်ပင်ဝန်းရွာ ရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေ ဒရုန်းနဲ့ နှစ်ရက်ဆက် တိုက်ခိုက်

ဇွန်၊ ၉
 
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေး လမ်းမ အနီးက ညောင်ပင်ဝန်းရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ နှစ်ရက်ဆက်တိုက်ခိုက်ရာမှာ စခန်းမှူးအပါအဝင် ရဲ ခုနှစ်ဦး သေဆုံးသွားတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
 
” ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီ။ ဒရုန်း ၇ စင်း ဗုံးသီး ၁၅ လုံး ကျွေးခဲ့ပါတယ်၊ ဒီနေ့မနက်လည်း ထပ်ဆော်သေးတယ်။ အသေအပျောက်တော့ မသိရသေးပါဘူး “ လို့ Eagle Guerrilla Force (ရွှေဘိုခရိုင်တပ်ရင်း ၁၅) ပျောက်ကျားတပ်ဖွဲ့မှ ဗိုလ်ကောက်ရိုးက ပြောပါတယ်။
 
အဲဒီတိုက်ခိုက်မှုမှာ ရဲစခန်းမှူးအပါအဝင် ရဲခုနှစ်ဦး သေတယ်လို့ အတွင်း သတင်းပေး (ဖရဲသီး)တွေက ပြောတယ်လို့ ဗိုလ်ကောက်ရိုးက ပြောပေမယ့် DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
အဲဒီတိုက်ခိုက်မှုကို မနေ့က ညနေပိုင်းနဲ့ ဒီကနေ့မနက်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ Eagle Guerrilla Force (ရွှေဘိုခရိုင်တပ်ရင်း ၁၅) ပျောက်ကျားတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း)၊ ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း ၇ (Zero ပျောက်ကျားတပ်ဖွဲ့)၊ ဆားတောင်မိုးကြိုးအဖွဲ့ နဲ့ အောင်သပြေညီနောင် LPDF တို့ ပါဝင်တယ်လို့ သိရပါတယ်။
 
တိုက်ခိုက်မှု မဆောင်ရွက်ခင်မှာ မုံရွာ-မန္တလေးလမ်းက အဲဲဒီလမ်းပိုင်းကို ပိတ်ထားခဲ့ပေမယ့် တိုက်ခိုက်ပြီးချိန်မှာ ပြန်ဖွင့်ပေးခဲ့တယ်လို့လည်း ဗိုလ်ကောက်ရိုးက ပြောပါတယ်။
 
” ခုလမ်းပိုင်းကတော့ ပြန်ဖွင့်နေပြီဆိုပေမယ့် ဘယ်သူမှတော့ မသွားရဲကြပါဘူး၊ အဲ့မှာ အထိုင်ချထားတာ နှစ်ပေါက်နေပြီ။ သေလိုက်၊ နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်)က လူလာဖြည့်လိုက်၊ ငတ်လာရင် ထွက်ခိုးလိုက်လုပ်နေတာ ” လို့ ဒေသခံတဦးက ထပ်ပြောပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ သူတို့တိုက်ခိုက်ခံရပြီးရင် အရပ်သားတွေကို ဖမ်းဆီးလေ့ရှိပေမယ့် ဒီတကြိမ်မှာတော့ အရပ်သားတွေကို ဖမ်းဆီးတာ မရှိသေးဘူးလို့လည်း ဗိုလ်ကောက်ရိုးက ဆိုပါတယ်။
 
ပြီးခဲ့တဲ့ မေလ ၃ ရက်ကလည်း အဲ့ဒီညောင်ပင်ဝန်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်း ၅ စီးဖြင့် တိုက်ခိုက်ခဲ့ပြီး အခုအကြိမ်ဟာ ဒရုန်းဖြင့်တိုက်ခိုက်မှု ဒုတိယအကြိမ်မြောက်ဖြစ်တယ်လို့ သိရပါတယ်။
 
ညောင်ပင်ဝန်း ရဲစခန်းဟာ စစ်ကောင်စီတပ်နဲ့ ရဲတွေ အခြေစိုက်ရာ နေရာတခုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏဆိုသလို ဝင်ရောက်တိုက်ခိုက်တာတွေ ပြုလုပ်လေ့ရှိပါတယ်။
 
အဲ့ဒီလိုတိုက်ခိုက်မှုတွေကြောင့် အခုလအတွင်းမှာပဲ အဲဒီစခန်းအတွင်းက စစ်ကောင်စီဘက်တော်သား နှစ်ဆယ်နီးပါး သေဆုံးခဲ့ပြီလို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောကြားချက်အရ သိရပါတယ်။
 
ဓါတ်ပုံ – Federal Wings