တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် ၆၈ ရာခိုင်နှုန်းနီးပါးရှိ

ဇွန်၊ ၉
 
တနိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၂၂ /၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုသူပေါင်း ၁၆၁၈၅၀ ဦး အနက် အောင်မြင်သူ ၁၀၈၉၅၁ ဦးရှိခဲ့ပြီး အောင်ချက်အနေနဲ့ ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
 
“ ကျွန်တော့တသက် ဒီလောက်အောင်ချက်များတာ တခါမှမကြုံဖူးဘူး။ အံ့ဩလွန်းလို့ သေတော့မယ်လို့ပဲ ပြောရမှာ ” လို့ တက္ကသိုလ်ဝင်တန်းစာသင်နှစ် ၂၀ ကျော်ရှိတဲ့ ရန်ကုန်မြို့က ပြင်ပကျူရှင်ဆရာတဦးက ပြောပါတယ်။
 
တက္ကသိုလ်ဝင်တန်းစာမေးပွဲ၂၀၁၇ -၂၀၁၈မှာ ၃၂ ဒဿမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၈ -၂၀၁၉ မှာ ၃၁ ဒဿမ ၄၄ ၊၂၀၁၉ -၂၀၂၀ မှာ ၃၂ ဒဿမ ၀၆ နဲ့၂ ၀၂၁ -၂၀၂၂ မှာ ၄၆ ဒဿမ ၈၈ ရာခိုင်နှုန်းသာ ရှိခဲ့တာပါ။
 
၂၀၂၂ -၂၀၂၃ ခုနှစ်ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အမှတ်အများဆုံး ( Top Ten ) စာရင်းမှာ ပြင်ပမှ ဖြေဆိုသူ သုံးဦးနဲ့ ကိုယ်ပိုင်ကျောင်းတွေကတဆင့် ဝင်ရောက်ဖြေဆိုသူ ခုနှစ်ဦးအထိ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
 
တနိုင်ငံလုံးအတိုင်းအတာနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အမှတ်အများဆုံးအဖြစ် မန္တလေးတိုင်း မလှိုင်မြို့နယ်ရှိ မိသားစု ကိုယ်ပိုင်ကျောင်းမှ မောင်ဟိန်းဝေယံထွန်းက အမှတ်ပေါင်း ၅၅၆ မှတ်နဲ့ ပထမ၊ ဒုတိယကို ရန်ကင်းမြို့က ဂုဏ်ထူးသစ် ကိုင်ပိုင်ကျောင်းမှ မနန္ဒာကြည်ဖြူလင်းက အမှတ်ပေါင်း ၅၅၅ နဲ့ တတိယကို ချမ်းမန္တလေးမြို့မှ ပြင်ပက ဝင်ရောက်ဖြေဆိုသူ မဟန်ဆုနိုင်က အမှတ်ပေါင်း ၅၅၄ နဲ့ ရရှိခဲ့တာပါ။
 
စစ်တပ်အာဏမသိမ်းခင် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲရဲ့ အမှတ်အများဆုံးအဖြစ် အစိုးရကျောင်းတွေမှာ ဝင်ရောက်ဖြေဆိုသူတွေက ရခဲ့တာပါ။
 
ဒါ့အပြင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အာဏသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်မှုအားကောင်းတဲ့ မကွေးတိုင်းမှာ အောင်ချက်အကောင်းဆုံးဖြစ်တယ်လို့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
 
မကွေးတိုင်းမှာ တက္ကသိုလ်ဝင်တန်းကို ဝင်ရောက်ဖြေဆိုသူ ၁၂၄၂၁ ဦးရှိခဲ့ပြီး အဲဒီအထဲမှာ အောင်မြင်သူက ၉၃၂၁ ဦးအထိ ရှိတယ်လို့ ဆိုထားသလို အောင်မြင်မှု ရာခိုင်နှုန်း ၇၅ ဒဿမ ၀၄ နဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေထက် အောင်ချက်ကောင်းနေတာပါ။
 
အလားတူပဲ ကချင်ပြည်နယ်မှ ဆယ်တန်းဖြေဆိုသူ ၉၅၃၃ ဦးအနက် အောင်မြင်သူ ၇၀၅၇ ဦး ရှိခဲ့ပြီး အောင်မြင်မှုနှုန်း ၇၄ ဒဿမ ၀၃ နဲ့ ဒုတိယအောင်ချက်အကောင်းဆုံးလို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
 
နှစ်စဉ်အောင်ချက် ရာခိုင်နှုန်း နည်းလေ့ရှိတဲ့ ချင်းပြည်နယ်မှာတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုသူကျောင်းသား/ကျောင်းသူ စုစုပေါင်း၂၈၂၄ ဦးအနက် အောင်မြင်သူ ၂၀၄၅ ဦးရှိခဲ့ပြီး အောင်မြင်မှု ရာခိုင်နှုန်း ၇၂ဒဿမ ၄၂ အထိရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Social Media (ပုံဟောင်း)