ဝက်စ်ဟမ်းအသင်း လန်ဒန်မှာ ဆုဖလားနဲ့ လှည့်လည်အောင်ပွဲခံ၊ ပရိသတ် ထောင်သောင်းချီ တက်ရောက်အားပေး

ဇွန်၊ ၉

ယူရိုပါ ကွန်ဖရင့် ဆုဖလားကို ဝက်စ်ဟမ်း ယူနိုက်တက် အသင်းက လန်ဒန်မြို့ထဲ လှည့်လည်ပြသခဲ့တဲ့ အစီအစဉ်ကို ပရိသတ်တွေ ထောင်သောင်းချီပြီး စုဝေး အားပေးခဲ့ကြပါတယ်။

ဝက်စ်ဟမ်းဟာ ယူရိုပါ ကွန်ဖရင့် ဗိုလ်လုပွဲစဉ်မှာ အီတလီ စီးရီးအေကလပ် ဖီအိုရင်တီးနားကို ၂-၁ နဲ့ အနိုင်ရပြီး ၅၈ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် ဥရောပအဆင့် အောင်မြင်မှု တခုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုရာသီမှာ အဓိက အောင်မြင်မှု ဆုဖလားတလုံး ဆွတ်ခူးနိုင်တဲ့ တခုတည်းသော လန်ဒန်အခြေစိုက် ဘောလုံးကလပ်ဟာ ၁၉၆၆ ခုနှစ်၊ ကမ္ဘာ့ချန်ပီယံ အင်္ဂလန် အသင်း ကစားသမားတွေကို ဂုဏ်ပြုထားတဲ့ ရုပ်တုကနေ သူတို့ရဲ့ အောင်ပွဲခံ ခရီးစဉ်ကို စတင်ခဲ့ပါတယ်။

ဇွန်လ ၈ ရက်က အမိုးဖွင့် ဘတ်စ်ကားကြီးနဲ့ လှည့်လည်နေတဲ့ ဝက်စ်ဟမ်း အသင်းသားတွေကို လန်ဒန်မြို့တော် အရှေ့ပိုင်း လမ်းတလျှောက်မှာ ထောင်သောင်းချီ များပြားတဲ့ ပရိတ်တွေက သောင်းသောင်းဖြဖြ စုဝေးကြိုဆိုခဲ့ကြပါတယ်။ တကယ်တော့ ဝက်စ်ဟမ်း ပရိသတ် အများအပြားဟာ နေရာကောင်းကောင်း ရဖို့အတွက် အောင်ပွဲခံ အစီအစဉ် မတိုင်ခင် နာရီပိုင်း အလိုကတည်းက ဝီရိယ ကောင်းကောင်းနဲ့ ကြိုရောက်နေခဲ့ကြပါတယ်။

သူ့ဘဝရဲ့ သက်တမ်း နှစ်ပေါင်း ၅၀ လောက်ကို ဝက်စ်ဟမ်းအတွက် အားပေးခဲ့ကြောင်း၊ ကလပ်အသင်းရဲ့ အခုလို သမိုင်းဝင် အခိုက်အတန့်မျိုးကို လက်လွှတ် မခံနိုင်ကြောင်း၊ ဝက်စ်ဟမ်းဟာ ဥရောပအဆင့် ဆုဖလားတလုံးကို ဆွတ်ခူးနိုင်ခဲ့တယ်ဆိုတာ အခုထိ မယုံချင်သလို ဖြစ်နေသေးကြောင်း ပရိသတ် တဦးက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်လောက်မှာ အင်္ဂလန် ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရဖို့ အသည်းအသန် ရုန်းကန်နေခဲ့ရတဲ့ အသင်းအတွက်တော့ အခုအခြေအနေက အံ့ဩစရာ အပြောင်းအလဲ ဖြစ်လာတာ အမှန်ပါပဲ။ ယူရိုပါ ကွန်ဖရင့် ချန်ပီယံ ဖြစ်ခဲ့တဲ့အတွက် ဝက်စ်ဟမ်းဟာ လာမယ့်ရာသီမှာ တဆင့်ပိုမြင့်တဲ့ ယူရိုပါလိဂ် ပြိုင်ပွဲ ဝင်ခွင့်လည်း သေချာသွားစေခဲ့ပါတယ်။ ဒါဟာ အသင်းအတွက် ၃ နှစ်ဆက်တိုက် ဥရောပ ပြိုင်ပွဲတွေကို ရောက်ရှိမှုလည်း ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

 

Ref: Guardian