ဘရိုက်တန် ကွင်းလယ်လူ မက် အယ်လစ္စတာကို လီဗာပူး ခေါ်ယူ

ဇွန်၊ ၉

ဘောလုံးရာသီ ပြီးဆုံးပြီး မကြာခင်မှာပဲ လီဗာပူး အသင်းဟာ ခြေသွက်လက်သွက် လှုပ်ရှားပြီး ဘရိုက်တန် ကွင်းလယ်လူ အလက်ဆစ် မက် အယ်လစ္စတာကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင်ဟာ ဘရိုက်တန်ကို ကလပ်အသင်းရဲ့ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ဥရောပအဆင့် ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရလာအောင် ကူညီပေးပြီးတဲ့နောက် လီဗာပူးကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၃၅ သန်းနဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူဟာ ဘရိုက်တန် ကစားသမား ဘဝမှာ ၁၁၂ ပွဲကစားပြီး ဂိုးပေါင်း ၂၀ သွင်းပေးခဲ့ပါတယ်။

မက် အယ်လစ္စတာဟာ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်းမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဂျိမ်းစ်မီလ်နာ၊ နာဘီကီတာနဲ့ အဲလက်စ် အော့စ်လိဒ် ချမ်ဘာလိန်တို့လို ကွင်းလယ်လူတွေ အသင်းကနေ ထွက်ခွာကြမယ့် အခြေအနေမှာ လီဗာပူးက မက် အယ်လစ္စတာကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးမှာ ကစားဖို့ ဆိုတာက သူ့အတွက် အိပ်မက်တခုဖြစ်ပြီး အသင်းအတွက် ပွဲထွက်နိုင်ဖို့ မစောင့်ချင်လောက်အောင် ဖြစ်နေမိပြီလို့ မက် အယ်လစ္စတာက ဆိုပါတယ်။ သူ့အတွက်တော့ ပြီးခဲ့တဲ့ တနှစ်တာဟာ တကယ့်ကို ထူးကဲခဲ့ကြောင်း၊ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့သလို ဘရိုက်တန်နဲ့လည်း အောင်မြင်မှုတွေ ရခဲ့ကြောင်း၊ အခုအခါ လီဗာပူးလို ထိပ်တန်း အသင်းကြီးဆီ ပြောင်းခွင့်ရပြီး သူကိုယ်တိုင်က ပိုကောင်းတဲ့ ကစားသမား၊ ပိုကောင်းတဲ့ လူပုဂ္ဂိုလ် တဦးဖြစ်အောင် နေ့တိုင်း ဆက်ကြိုးစားဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း မက် အယ်လစ္စတာက ပြောကြားသွားပါတယ်။ သူဟာ အသင်းသစ်မှာ ကျောနံပါတ် ၁၀ ဂျာစီကို ဝတ်ဆင်သွားမှာပါ။

လီဗာပူးဟာ အခုအခါ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားပြီဖြစ်တဲ့ ဘိုရပ်ရှားဒေါ့တ်မန် ကွင်းလယ်လူ အင်္ဂလန် လက်ရွေးစင် ဂျုဒ် ဘယ်လင်ဂမ်ကို စိတ်ဝင်စားခဲ့သေးပေမယ့် နောက်ဆုံးမှာတော့ မက် အယ်လစ္စတာကိုပဲ အာရုံစိုက် ချဉ်းကပ်ခဲ့ပါတယ်။ သူ့ရဲ့ ကနဦး ပြောင်းရွှေ့ကြေးက စတာလင်ပေါင် ၃၅ သန်း ဆိုပေမယ့် ကစားသမားရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ဆုကြေးတွေ ထပ်ပေးရရင် စတာလင်ပေါင် ၅၅ သန်းထိ မြင့်တက်လာနိုင်ကြောင်းလည်း သိရပါတယ်။

 

Ref: BBC