ဇွန်၊ ၈
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့အကြံပေးဖြစ်သူ ဦးအောင်ကျော်မိုးရဲ့ အကိုတော်စပ်သူ ဦးသန်းမြင့်ဟာ မနေ့ဇွန်လ ၇ ရက် ညပိုင်းမှာ သာကေတမြို့နယ်က နေအိမ်အနီးမှာ အမည်မသိလူတစုရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဦးအောင်ကျော်မိုးကပြောပါတယ်။
သာကေတမြို့နယ်၊ နွယ်အေးရပ်ကွက်၊ ရွှေနှင်းဆီလမ်း အတွင်း နွယ်အေးဗလီအနီးမှာပဲအမည်မသိ လူတစုက ဓါးနဲ့ထိုးသတ်ဖြတ်ခဲ့တာဖြစ်ပြီး ကျူးလွန်သူတွေဟာ ဘယ်သူဘယ်ဝါတွေဆိုတာမသိရသေးဘူးလို့ဆိုပါတယ်။
“အိမ်နားမှာ အမည်မသိလူတစုကသတ်သွားတယ်ပြောတယ်။ ဘယ်သူလဲမမြင်လိုက်ဘူးအခုအထိ နာရေးနဲ့ဖြစ်နေတာနဲ့မိသားစုဝင်တွေရဲ့ လုံခြုံရေးကြောင့်လောလောဆယ်က အသေးစိတ်စုံစမ်းနေတယ်”လို့ မိသားစုဝင်ဖြစ်တဲ့ ဦးအောင်ကျော်မိုးက DNA ကိုပြောပါတယ်။
လက်ရှိအချိန်ထိ ကျူးလွန်ခဲ့တဲ့တရားခံဆိုသူတွေကို ဖမ်းဆီးရမိတာမိုးမရှိသေးသလို မိသားစုဝင်တွေအနေနဲ့လည်း လုံခြုံရေးအခြေအနေကြောင့် ရဲစခန်းမှာအမှုဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
လက်ရှိ NUG လူ့အခွင့်အရေးအကြံပေး ဦးအောင်ကျော်မိုးရဲ့ အကိုဖြစ်သူတိုက်ခိုက်ခံရပြီးသေဆုံးမှုနဲ့ပတ်သက်လို့တော့ ဘယ်သူတွေကဘာကြောင့်လုပ်ကြံတယ်ဆိုတာDNAကသီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
ပြီးခဲ့တဲ့မေလထဲမှာအမျိုးသားရေးလှုပ်ရှားသူတွေအဖြစ်နာမည်ကြီးတဲ့ ဦးတင့်လွင်နဲ့ အဆိုတော်လီလီနိုင်ကျော်တို့ ဟာလည်း အမည်မသိလူတစုရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာလည်း အဆိုတော်လီလီနိုင်ကျော်ကိုပစ်ခတ်ဖမ်းဆီးသူတွေထဲမှာပါဝင်နေတယ်လို့ စွပ်စွဲဖမ်းဆီးထားတဲ့ ကိုကောင်းဇော်ဟိန်းရဲ့ မိခင်ဖြစ်သူနဲ့အစ်မဖြစ်သူဟာ အမည်မသိလူတစုက နေအိမ်မှာဝင်ရောက်ပစ်ခတ်တာကြောင့် သေဆုံးခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဘက်ကိုထောက်ခံသူတွေနဲ့ စစ်အာဏာရှင်တော်လှန်ရေးမှာပါဝင်သူတွေရဲ့ မိသားစုဝင်တွေကို အမည်မသိလူအုပ်စုတွေကပစ်ခတ်တိုက်ခိုက်မှုတွေရှိနေပြီး တချို့ဖြစ်စဉ်တွေမှာတော့ သီးခြားထုတ်ပြန်တာမရှိဘဲ အပြန်အလှန်စွပ်စွဲချက်တွေအဖြစ်ရှိနေပါတယ်။