ဆားလင်းကြီးမှာ စစ်ကောင်စီတပ်က အရပ်သားငါးဆယ်ကျော်ကို လူသားဒိုင်းအဖြစ် ထပ်မံဖမ်းဆီး

ဇွန် ၊ ၈

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာအချို့က အရပ်သား ငါးဆယ်ကျော်ကို စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းအဖြစ် ဒီကနေ့မှာထပ်မံဖမ်းဆီးခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သိရပါတယ်။

“ ဓားစာခံ၅ဝလောက်ပါတယ်လို့သိရတယ် ။ဘယ်ရွာတွေလဲတော့မသိရဘူး။ (ဓားစာခံတွေကို)စစ်ကြောင်းနဲ့ အတူ ခေါ်သွားတယ် ” လို့

ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြန်ကြားရေးတာဝန်ခံကိုစစ်ငြိမ်းကဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဘယ်ကျေးရွာတွေကဖြစ်တယ်၊ အမျိုးသမီး၊ အမျိုးသား ဘယ်လောက်ပါဝင်တယ်၊ အသက်အရွယ်စတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့လည်း ပြန်ကြားရေးတာဝန်ခံကိုစစ်ငြိမ်းက ဆက်ပြောပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဇွန်လ၆ရက်က လည်းမိုးကြိုးပြင်ရွာကအင်ကြင်းတောတွေထဲမှာစစ်ရှောင်နေတဲ့ဒေသခံအရပ်သား၁၅ဦးကိုလည်းလူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ဒီနေ့မှာ လူ၅၀ ကိုထပ်မံဖမ်းဆီးတာပါ။

ဆားလင်းကြီးမြို့၊ ရွှေသမင်ကျေးရွာမှာ မနေ့ညက ညအိပ်ရပ်နားတဲ့ စစ်ကောင်စီဟာ ဒီကနေ့ မနက်မှာ အဲဒီရွာကနေစတင်ထွက်ခွာပြီး စစ်ကြောင်းချီတက်ရာလမ်းတလျှောက်က ကျေးရွာတွေက ဒေသခံတွေကို ဖမ်းဆီးသွားတယ်လို့လည်းကိုစစ်ငြိမ်းကပြောပါတယ်။

‘’ပစ်တာခတ်တာတော့ရှိတယ်။ အသေးစိတ်တော့မသိရသေးဘူး’’ လို့ကိုစစ်ငြိမ်းက ဆိုပါတယ်။

 ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းရဲ့ အဲဒီလိုဖမ်းဆီးတာ၊ပစ်ခတ်တာတွေကြောင့်  ကျေးရွာပေါင်း ၁၂ရွာကဒေသခံ၁၂ဝဝဝနီးပါးဟာ ဘေးလွတ်ရာအခြားကျေးရွာတွေ၊ တောတောင်တွေထဲမှာ စစ်ရှောင်နေရတယ်လို့လည်း သိရပါတယ်။

  ဆားလင်းကြီးမြို့နယ်ထဲက ၊ရွှေသမင်ရွာ ၊ မြို့သစ် ၊ ကျေးတိုင်းရွာ ၊ ဖိုလ်ဝင်တောင် ၊ မတောင့်တ ၊ ဘိုက်သရက် ၊မန်းကျည်းတစ်ထောင် ၊ ဖောင်းတကာ ၊ ယင်းမာပင် နယ်ထဲက မင်းစု ၊ ရွာသာရွာ ၊ ဗြဟ္မာဒတ်၊ ကောင်းသစ် အစရှိတဲ့ ကျေးရွာတွေကဒေသခံ၁၂ဝဝဝကျော်ဟာစစ်ရှောင်နေရတာလည်းဖြစ်ပါတယ်။

အင်းအား ၁၀၀ ဝန်းကျင်ပါတဲ့ အဲ့ဒီစစ်ကြောင်းဟာ ဒီလဆန်းကမုံရွာကနေ ဇက်နဲ့ကူးလာတာဖြစ်ပြီး ဆားလင်းကြီးမြို့နယ်က ကျေးရွာတွေမှာ စစ်ကြောင်းထိုးပြီး မီးရှို့တာ၊ လူသားဒိုင်းဖမ်းဆီးတာတွေပြုလုပ်နေတာပါ။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ လတ်တလောမှာ ယင်းမာပင် ၊ ပုလဲနဲ့ ဆားလင်းကြီး နယ်အစပ်ကိုရောက်ရှိနေတာဖြစ်ပြီး ပုလဲနယ်ဘက်ကိုစစ်ကြောင်းကဦးတည်နေတယ် လို့ လည်းသူကဆိုပါတယ်။