ရှမ်းပြည်နယ်မှာ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရတဲ့ ထိုင်းအမျိုးသမီးတွေကို ကယ်ဆယ်ဖို့ ဖောင်ဒေးရှင်းတခု ကြိုးစားနေ

ဇွန် ၊ ၈

ထိုင်းနိုင်ငံက လူမှုကယ်ဆယ်ရေး အသင်းတခုဟာ မြန်မာနိုင်ငံမှာရှိတဲ့ ရှမ်းပြည်နယ်ထဲကို လိမ်လည်သွေးဆောင် ခေါ်ယူခံရပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေခံနေရတဲ့ ထိုင်းအမျိုးသမီး ၁၄၀ ကို ကယ်ဆယ်ဖို့ ကြိုးစားနေကြောင်း ပြောပါတယ်။

 အဲဒီလိုမျိုး လူကုန်ကူးမှု သားကောင် ဖြစ်ခဲ့တဲ့ အမျိုးသမီး တချို့ဟာ မူးယစ်ဆေး စွဲလမ်းအောင် အတင်းအကျပ် ဆေးသုံးခိုင်းတာတွေလည်း ခံနေရတယ်လို့ အမျိုးသမီးနဲ့ ကလေးသူငယ် စောင့်ရှောက်ရေး အဖွဲ့အစည်း တခုဖြစ်တဲ့ Pavena Hongsakul ဖောင်ဒေးရှင်းက ဆိုပါတယ်။

 ရှမ်းပြည်နယ်ထဲမှာ အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံသား တချို့က အခုကိစ္စကို အာဏာပိုင်တွေဆီ ချိတ်ဆက် တိုင်ကြားဖို့နဲ့ အမျိုးသမီးတွေကို ကူညီနိုင်ဖို့အတွက် ဖောင်ဒေးရှင်းဆီ ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။

 အမျိုးသမီးတွေဟာ ရှမ်းပြည်နယ်ထဲ သွေးဆောင် ခေါ်ယူခံရတုန်းက မက်လုံးပေး ကမ်းလှမ်းခံရတဲ့ လုပ်ခလစာနဲ့ အလုပ်အကိုင်က လက်တွေ့မှာ အကြီးအကျယ် ခြားနားနေတဲ့ ထိတ်လန့် စက်ဆုပ်စရာ အခြေအနေတွေကို မျက်ဝါးထင်ထင် ကြုံနေရတယ်လို့လည်း သိရပါတယ်။

 ပြည့်တန်ဆာအဖြစ် အဓမ္မ ခိုင်းစေရသူတွေ အပါအဝင် အမျိုးသမီး ၁၄၀ လောက်ဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေပြီလို့လည်း ကောင်စစ်ဝန်ရေးရာဌာန ဒါရိုက်တာ ရက်ဂျ် သမ်မန်မွန်ခွန်က ပြောကြားခဲ့ပါတယ်။

 တချိန်တည်းမှာပဲ ထိုင်းအာဏာပိုင်တွေက မြန်မာဖက်နဲ့ ချိတ်ဆက်ပြီး အမျိုးသမီးတွေ နေရပ်ပြန်နိုင်ရေး ကိစ္စကို ကြိုးစား စီစဉ်နေကြောင်း သိရပါတယ်။ ရေရှည်မှာလည်း အလားတူ ကိစ္စတွေ ထပ်မပေါ်လာအောင် တားဆီးရေးအတွက် နှစ်ဖက် ညှိနှိုင်းမှုတွေလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

 လောလောလတ်လတ် အနေနဲ့ ဝမ်ချိုင်ဆိုတဲ့ အသက် ၄၄ နှစ်အရွယ် ထိုင်းနိုင်ငံသား တဦးက သူ့ရဲ့ ဇနီးသည်ဟာ ပြည်ပမှာ အလုပ်အကိုင် ကောင်းကောင်း ရရှိမယ်လို့ မက်လုံးပေး သိမ်းသွင်းခံရပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေခံနေရကြောင်း ထိုင်းအာဏာပိုင်တွေကို တိုင်ကြားထားပါတယ်။ မူလက သူ့ဇနီးဟာ ထိုင်းက ဖျော်ဖြေရေး ပါတီပွဲတွေမှာ အလုပ်လုပ်ခဲ့ပေမယ့် သူငယ်ချင်းတယောက် ဆွယ်လို့ မြန်မာဖက်မှာရှိတဲ့ တရုတ် စားသောက်ဆိုင် တခုမှာ အလုပ်လုပ်ဖို့ ထွက်ခွာသွားခဲ့တာ ဖြစ်တယ်လို့ ဝမ်ချိုင်က ပြောပါတယ်။

 သဘောကောင်းတဲ့ တရုတ်နိုင်ငံသား အလုပ်ရှင်က ဝမ်ချိုင်ရဲ့ ဇနီးနဲ့ တခြား ၃ ဦးအတွက် စုစုပေါင်း ခရီးစရိတ် ဘတ် ၉ သိန်းလောက်တောင် ပေးခဲ့သေးတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ အလုပ်ခွင်ကို ရောက်တော့မှ မှန်းထားတာနဲ့ တခြားစီဖြစ်ပြီး ပြည့်တန်ဆာ လုပ်ငန်းထဲ ဆွဲသွင်းခံနေရတာပါ။

 နောက်ထပ် ဖြစ်စဉ် တခုမှာတော့ ထိုင်းအမျိုးသမီး တဦးက မြန်မာနိုင်ငံမှာ ၈ လကြာ ဖြတ်သန်းခဲ့ရတဲ့ ဆိုးရွားလှတဲ့ အတွေ့အကြုံတွေကို ဖွင့်ဟထားခဲ့ပါတယ်။ အဲဒီ အမျိုးသမီးဟာ နေ့စဉ် ပျမ်းမျှ ဖောက်သည် ၉ ဦးလောက်ကို ဝန်ဆောင်မှု ပေးရပြီး ဖောက်သည်တွေရဲ့ ကြမ်းကြမ်းတမ်းတမ်း ညှင်းဆဲနှိပ်စက်မှုတွေကိုပါ ခံခဲ့ရပါတယ်။ နောက်ပြီး သူ့ရဲ့ အလုပ်ရှင်သူ အမျိုးသမီးကို တခြား ဆောင်ကြာမြိုင် တခုဆီ လက်လွှဲရောင်းချဖို့တောင် စီစဉ်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။