တနင်္သာရီမြို့နယ်မှာ ရွာကိုခဏပြန်လာတဲ့ စစ်ရှောင်ခုနစ်ဦးထက်မနည်းဖမ်းဆီးခံရ

ဇွန် ၊ ၈

တနင်္သာရီမြို့နယ် မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ဒေသခံတွေထဲက တချို့ ရွာကိုခဏပြန် လာရာက စစ်ကောင်စီတပ်နဲ့ တွေ့လို့ ခုနစ်ဦးထက် မနည်းဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိ ရပါ တယ်။

တနင်္သာရီမြို့မြောက်ဘက်က တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ဒေသခံတွေထဲက ညောင် ပင်ကုန်းရွာသား တချို့ ဇွန်လ ၇ရက် နေ့လယ်ပိုင်းမှာ ရွာကိုခဏပြန်လာရာက စစ်ကောင်စီတပ်နဲ့ထိပ်တိုက်တိုးပြီး ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

“ရွာထဲမှာမနေရဲဘူးလေ၊သူတို့ကလုပ်စရာရှိလို့ ရွာထဲပြန်တဲ့အချိန် အဲ့ဒီမှာအနည်းဆုံး ခုနှစ်ယောက် ဖမ်းခံရတယ် ပြောတယ်၊ခုနှစ်ယောက်ထက်ပိုဖို့ရှိတယ်၊ကိုးဦးလို့လည်း ပြောနေကြတယ်”လို့ တနင်္သာရီမြို့နယ် ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီကျေးရွာသားတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် လက်ရှိမှာ တနင်္သာရီအခြေစိုက်ခမရ (၅၅၇) နဲ့ အမြောက်တပ် အမတ (၃၀၆)တပ်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းထားတာလို့လည်း ဒေသခံတွေကဆိုပါတယ်။

“အဲ့ဒီညောင်ပင်ကုန်း၊ ဘန်းလမွတ်၊ ကမ်းတို၊ ရမ်းဖိုကျေးရွာတွေမှာက တိုက်ပွဲက ခဏခဏဖြစ်နေတာကိုး၊ အဲ့ဒါ ကြောင့် အခုလိုစစ်ရှောင်နေရတာ၊အခုဆိုရင် လနဲ့ချီရှိလောက်ပြီ၊အဲ့ဒီမှာ စကစတွေရှိတယ်ဆိုရင် ရှောင်နေတယ်၊ မရှိတဲ့အချိန်ဆို ရွာကိုခဏပြန်လာတယ်၊အခုလည်း အဲ့လိုပြန်လာတဲ့အချိန်မှာ အဖမ်းခံရတာ”လို့ ဒေသခံတဦး ကပြောပါတယ်။

တနင်္သာရီမြို့နယ်အတွင်းက ညောင်ပင်ကုန်း၊ ဘန်းလမွတ်၊ ကမ်းတို၊ ရမ်းဖိုကျေးရွာနဲ့ချောင်းညီကိုကျေးရွာ တွေ ဟာ အမြောက်တပ် အမတ (၃၀၆)တပ်နဲ့တနင်္သာရီအခြေစိုက်ခမရ (၅၅၇)တပ်တွေကြားမှာရှိတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

အခုရွာခံစစ်ရှောင်တွေဖမ်းဆီးခံရတဲ့ ညောင်ပင်ကုန်းရွာကတော့ တနင်္သာရီမြို့ရဲ့မြောက်ဘက် ဆယ်မိုင်လောက် အကွာ တနင်္သာရီ-မောတောင်ကားလမ်းပေါ်က ရွာဖြစ်ပါတယ်။

ညောင်ပင်ကုန်းရွာ ရဲ့မြောက်ဘက် တမိုင်နီးပါးအကွာက ချောင်းညီကိုကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဇွန်လ ၆ရက်က တိုက်ပွဲဖြစ်ခဲ့ကြသေးတယ်လို့ သိရပါတယ်။

အဲ့ဒီလို တိုက်ပွဲဖြစ်ပြီးနောက်တရက်မှာ ရွာကို ခဏပြန်လာကြတဲ့ ညောင်ပင်ကုန်းရွာခံတွေဖမ်းဆီးခံခဲ့ရတာပါ။ တိုက်ပွဲဖြစ်တဲ့နေ့ကလည်း စစ်ကောင်စီတပ်သားတွေက ဒေသခံနှစ်ဦးကို ဖမ်းဆီးခဲ့သေးပေမယ့် ရိုက်နှက်စစ်ဆေး မှုတွေလုပ်ပြီးနောက် ပြန်လွှတ်ပေးလိုက်တယ်လို့ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်းမှာ တိုက်ပွဲတွေနဲ့ စစ်ကောင်စီက စစ်ကြောင်းထိုးတာ တွေ ကြောင့် စစ်ရှောင်နေရသူ သုံးသောင်းလောက်ရှိပြီး တနင်္သာရီမြို့နယ်အတွင်းမှာတော့ စစ်ဘေးရှောင် ငါးထောင်လောက်ရှိတယ်လို့ ဒေါန-တနင်္သာရီစစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့က မေလ အတွင်းကောက်ယူထားတဲ့စာရင်းတွေအရသိရပါတယ်။

ပုံစာ – တနင်္သာရီမြို့နယ်အတွင်းကစစ်ဘေးရှောင်တချို့(ပုံဟောင်း) no.9/photo ဒေါန-တနင်္သာရီစစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့