ကိုယ့်ဒရုန်းကိုယ် မှားပစ်ချမိခဲ့တဲ့ ရုရှားစစ်တပ်

ဇွန် ၊ ၈

ရုရှားစစ်တပ်ဟာ ကိုယ်ပိုင် ဒရုန်းတစီးကို မှားယွင်း ပစ်ချမိကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

 ရုရှားတပ်တွေ ထိန်းချုပ်ထားရာ ယူကရိန်းပိုင်နက် နယ်မြေတခုဖြစ်တဲ့ ခရိုင်းမီးယား ကျွန်းဆွယ်မှာ ပျံသန်းနေတဲ့ ရန်သူ့ဒရုန်း တစီးကို ဟန့်တား ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ရုရှားက ခန့်အပ်ထားတဲ့ ခရိုင်းမီးယား အုပ်ချုပ်ရေးမှူး ဆာဂျီ အက်ဆီယိုနော့ဗ်က ကြေညာခဲ့သလို ပစ်ချထားတယ်ဆိုတဲ့ ဒရုန်းရဲ့ ဓာတ်ပုံကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

 ရုရှား အစိုးရကို လိုလားတဲ့ Telegram channelတွေကလည်း ကောင်းကင်မှာ မီးလောင်သွားတဲ့ ဒရုန်းတစီးရဲ့ ပုံရိပ်တွေကို ထုတ်လွှင့် ပြသခဲ့ပါတယ်။

 ဒါပေမဲ့ လက်နက်ရေးရာ ကျွမ်းကျင်သူတွေကတော့ အဲဒီ ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာ ပါနေတဲ့ ဒရုန်းဟာ အီရန်လုပ် Mohajer-6 အမျိုးအစား ထောက်လှမ်းရေး ဒရုန်းတစီးသာ ဖြစ်တယ်လို့ ထောက်ပြခဲ့ကြပါတယ်။ အဲဒီ ဒရုန်းတွေဟာ လက်နက်တွေလည်း တပ်ဆင် အသုံးပြုနိုင်ပါတယ်။

 ရုရှားဟာ ယူကရိန်းနဲ့ ဖြစ်ပွားတဲ့ စစ်ပွဲတလျှောက် အီရန်ဆီက ဒရုန်းတွေကို အမြောက်အမြား မှာယူ အသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။

 ယူကရိန်း ပြည်ထဲရေး ဝန်ကြီးဌာန အကြံပေး အရာရှိ အန်တန် ဂီရက်ရှ်ချန်ကိုက ယူကရိန်းဟာ ဘယ်တုန်းကမှ အီရန်လုပ် ဒရုန်းတွေကို အသုံးမပြုခဲ့ကြောင်း၊ ရုရှားက ကိုယ့်ဒရုန်းကိုယ် မှားပစ်ချခဲ့တာသာဖြစ်ကြောင်း Twitterမှာ လှောင်ပြောင် ရေးသားသွားခဲ့ပါတယ်။

 ရုရှားက အီရန်လုပ် Mohajer-6 ဒရုန်းတစီးကို ပစ်ချပြလိုက်တဲ့ လုပ်ရပ်ဟာ တကယ့်ကို ထူးကဲ ပြောင်မြောက်ကြောင်း သူက ဆိုပါတယ်။ ရုရှား စစ်ဘက်ကတော့ ကိုယ့်ဒရုန်းကိုယ် ဖျက်ဆီးမိခဲ့တယ်ဆိုတဲ့ ထောက်ပြမှုတွေအပေါ် ဘာမှတ်ချက်မှ မပေးပါဘူး။

 ရုရှားစစ်တပ်ဟာ ယူကရိန်းရဲ့ အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက် ဖျက်ဆီးရာမှာ အီရန်လုပ် Shahed-131နဲ့ Shahed 136တို့လို ဒရုန်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပါတယ်။ အဲဒီဒရုန်းတွေဟာ ပစ်မှတ်ဆီ ကိုယ်တိုင် အပျက်စီးခံပြီး ထိုးဆင်းရင်း ဖောက်ခွဲလေ့ ရှိတာကြောင့် ကာမီကာဇီ ဒရုန်းတွေလို့လည်း ခေါ်ဝေါ်လေ့ရှိပါတယ်။ ရုရှားကလည်း ကိုယ်ပိုင် ဒရုန်းတွေ ထုတ်လုပ်နေပေမယ့် စစ်ပွဲရဲ့ တောင်းဆိုမှုမှာ အလျင်မမီလောက်အောင် ဖြစ်နေတာကြောင့် နည်းပညာ ပိုနိမ့်ပေမယ့် စျေးသက်သာပြီး အလုံးအရင်း အသုံးပြုနိုင်တဲ့ အီရန် ဒရုန်းတွေအပေါ် မှီခိုနေရကြောင်း အနောက်မဟာမိတ် စစ်ရေး သုတေသီတွေက သုံးသပ်ထားကြပါတယ်။