ပထမဆုံး ဥရောပ အောင်မြင်မှု ရရှိခဲ့ခြင်းက ဘဝရဲ့ အခမ်းနားဆုံး အခိုက်အတန့်လို့ မွိုက်စ် ဖွင့်ဟ

ဇွန် ၊ ၈

ဝက်စ်ဟမ်း ယူနိုက်တက်နဲ့အတူ ဥရောပအဆင့် ဆုဖလားတလုံး အရယူနိုင်ခဲ့တာဟာ သူ့ဘဝရဲ့ အခမ်းနားဆုံး အခိုက်အတန့် ဖြစ်တယ်လို့ မန်နေဂျာ ဒေးဗစ် မွိုက်စ်က ပြောကြားခဲ့ပါတယ်။

 လန်ဒန်မြို့ အခြေစိုက် ကလပ်အသင်းဟာ အီတလီကလပ် ဖီအိုရင်တီးနားကို နောက်ကျ သွင်းဂိုးနဲ့ အနိုင်ယူပြီးတဲ့နောက် ၄၆ နှစ်အတွင်း ပထမဆုံး ဆုဖလား တလုံးကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူရိုပါ ကွန်ဖရင့် ဗိုလ်လုပွဲစဉ်မှာ ၁ ဂိုးစီ သရေကျနေပြီး အချိန်ပို ကစားရတော့မယ်လို့ ယုံကြည်ရတဲ့ အခြေအနေမှာ ဂျာရော့ဒ် ဘိုဝမ်က အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို ရယူပေးခဲ့တာ ဖြစ်ပါတယ်။

 အသက် ၆၀ အရွယ် စကော့တလန်သား မန်နေဂျာ အတွက်လည်း ပထမဆုံး အကြိမ်အဖြစ် အရေးပါတဲ့ ဆုဖလား တလုံးကို ကိုင်မြှောက်ခွင့် ရလာခဲ့တာပါ။ သူဟာ မန်နေဂျာသက်တမ်း ၂၅ နှစ်အတွင်း ကလပ်အသင်း ပွဲစဉ်ပေါင်း ၁၀၀၀ ကျော်ကို ကိုင်တွယ်ခဲ့ဖူးပေမယ့် အခုဖလားက ပထမဆုံး အထင်ကရ အောင်မြင်မှုလို့ ဆိုနိုင်ပါတယ်။

 အဲဗာတန်နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတွေကို ကိုင်တွယ်ဖူးတဲ့ မွိုက်စ်က မိသားစုနဲ့အတူ အောင်ပွဲခံခွင့် ရခဲ့သလို နောက်ဆုံးမိနစ် သွင်းဂိုးနဲ့ သည်းထိတ်ရင်ဖို အနိုင်ရခဲ့တဲ့ အခြေအနေတွေထက် ပိုပျော်စရာကောင်းတာ မရှိတော့ကြောင်း၊ အချိန်မရွေး ကိုယ့်အသင်း ဒုက္ခရောက်သွားနိုင်ခြေ ရှိခဲ့ပေမယ့် အဆုံးမှာ ချန်ပီယံ ဖြစ်လာခြင်းက ထူးကဲလွန်းတဲ့ ခံစားမှုဖြစ်ကြောင်း မွိုက်စ်က ဆိုပါတယ်။

 လွန်ခဲ့တဲ့ ၃ နှစ်လောက်မှာ တယောက်ယောက်က သူ့ကို ဥရောပအဆင့် အောင်မြင်မှု ရလိမ့်မယ်လို့ ပြောခဲ့ရင် အဲဒီလူ ရူးနေတယ်လို့ ထင်ခဲ့မိမှာ ဖြစ်ကြောင်း၊ အဲဒီ အချိန်တွေတုန်းက ဝက်စ်ဟမ်းဟာ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ အသင်းအဖြစ်သာ ရှိနေခဲ့ကြောင်း၊ အခုတော့ သူ့ဘဝရဲ့ အခမ်းနားဆုံး အခိုက်အတန့် တခုကို ပိုင်ဆိုင်ခွင့် ရခဲ့သလို ဝက်စ်ဟမ်း ကစားသမားတွေရဲ့ ထူးထူးကဲကဲ အားထုတ်မှုတွေအတွက်လည်း ကြည်နူးမိကြောင်းလည်း သူက ပြောကြားသွားပါတယ်။

 အခုပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အတွက် ဝက်စ်ဟမ်းဟာ လာမယ့်ရာသီမှာ တဆင့်ပိုမြင့်တဲ့ ဥရောပအဆင့် ပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ်မှာ ပါဝင်ခွင့် ရသွားပြီး ၃ ရာသီဆက်တိုက် ဥရောပ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့် ရလာတော့မှာ ဖြစ်ပါတယ်။