မအူပင်မှာ ငလျင်ကြောင့် သီလရှင်တပါးနဲ့ ယောဂီတဦးကွယ်လွန်

ဇွန်၊ ၇

ဧရာဝတီတိုင်း၊မအူပင်မြို့ ဒီကနေ့ ညနေပိုင်းက လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် ရွှေဘုန်းမြင့်စေတီတော် ထီးတော် ကျိုးကျခဲ့ပြီး သီလရှင်တပါးနဲ့ ယောဂီအမျိုးသမီးတဦး ကွယ်လွန်သွားတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ မြို့ခံတွေထံမှ သိရပါတယ်။

“ ပထမတကြိမ်လှုပ်တာပါးပါးလေးပေါ့ဗျာ၊ ပထမအကြိမ်က ၃ နာရီဝန်းကျင်၊ ဒုတိယအကြိမ် ၃ နာရီ ၂၈ မိနစ်လောက်ရှိမယ်၊ (၆)ရပ်ကွက်မှာ ရှိတဲ့ ရွှေဘုန်းမြင့်စေတီရဲ့ ဘုရားထီးတော်က ကွေးသွားတယ်ပေါ့၊ အဲဒါပြီးတော့ တတိယအကြိမ်မှာ ထပ်လှုပ်သေးတယ်၊ အဲမှာလည်း ထီးတော်ကလည်း ပိုပြီး ကွေးသွားတယ်။ သေသွားတဲ့နှစ်ယောက်က ငလျင်လှုပ်လို့ ထွက်ပြေးရင်း မျက်နှာကျက်ပြုတ်ကျလို့ ဖြစ်တာ၊ သီလရှင်တပါးနဲ့ ယောဂီအမျိုးသမီးတပါးပါ။” လို့ မအူပင်မြို့ လူမူကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

ဒါအပြင် ရွှေဘုန်းပြည့်စေတီတော်ရဲ့ ဘုရားစောင်းတန်းတွေနဲ့ အဆောက်အဦတချို့လည်း အနည်းငယ်ပြိုကျပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မအူပင်မြို့ကို လှုပ်ခတ်သွားတဲ့ငလျင်ဟာ သုံးကြိမ်ထက်မနည်းလှုပ်ခတ်သွားတာဖြစ်ပြီး မြို့ပြင်မှာရှိတဲ့ မအူပင်တက္ကသလိုလ် ဘွဲ့နှင်းဘသင်ခန်းမရဲ့ မျက်နှာကျက်လည်း ပြုတ်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။

“ လှုပ်တာက ပြင်းတာတော့ ပြင်းတယ်၊ အချိန်က မကြာဘူး၊ ပြင်းတာတော့ ပြင်းတယ်၊ ၂ မိနစ်လောက်ပဲရှိမယ်၊ ဟို အမြောက်ကြီး ပစ်ခတ်လိုက်သလိုပဲ၊ ဘယ်လိုလဲဆိုတော့ အိမ်မှာရှိတဲ့ ကြောင်အိမ်ပေါ်က ပုလင်းတွေတောင် ကျကွဲပါတယ်။” လို့ မအူပင်မြို့ခံတဦးက ပြောပါတယ်။

လက်ရှိမှာတော့ မြေငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ စေတီတော်နဲ့ အဆောက်အဦတွေကို ပြည်သူတွေနဲ့ တာဝန်ရှိသူ တွေက ရှင်းလင်းရေးလုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ဒီကနေ့ မြန်မာစံတော်ချိန် (၁၆)နာရီ၊ ၂၃ မိနစ်၊ (၅၁)စက္ကန့် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၃၃)မိုင်ခန့်အကွာ၊ ညောင်တုန်းမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာကိုဗဟိုပြုပြီး အင်အားရစ်(ခ)တာစကေး ၄ဒဿ၈ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ရက်ကလည်း ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့ အနီးကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်ခဲ့ တာကြောင့် အဆောက်အအုံတွေနဲ့ လမ်းတွေ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

အဲ့ဒီငလျင်ဟာ ဟိုပင်မြို့ရဲ့ အနောက်မြောက် ၂၂မိုင်လောက်အကွာ အနက် ၁၀ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၅ဒသမ ၉ ရှိခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။

Photo-Social Media