ကောလင်းမှာ စစ်တပ်ဖမ်းသွားသူတွေထဲက ရှစ်ဦးအစုလိုက်သတ်ခံရ

ဇွန် ၊  ၇

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ် ခံသာတိုက်နယ်မှာစစ်ကောင်စီကတပတ်အတွင်း ဒေသခံ ၁၆ဦးဖမ်းဆီးခဲ့ပြီး ရှစ်ဦးကိုတော့အစုအပြုံလိုက်သတ်ဖြတ်ခဲ့တယ်လို့ ကောလင်းတော်လှန်ရေးအဖွဲ့ – Kawlin Revolution-KR Team တာဝန်ရှိသူ တဦးကပြောပါတယ်။

 “အဖမ်းခံရတဲ့ လူတွေက အကုန်အမျိုးသားတွေပါ၊တရက်တည်း အကုန်ဖမ်းခံရတာတော့ မဟုတ်ဘူး၊စစ်ကြောင်းထိုးတဲ့အချိန်ဖမ်းဆီးခံကြရတာပါ၊သတ်ခံရတဲ့သူတွေအလောင်းကို ခံသာတိုက်နယ်ကျောက်တန်းရွာ သစ်ဖုလှဘုရားကုန်းတောင်ဘက်တဆူတောင်အနီး တောအုပ်မှာတွေ့ရတာပါ ” လို့ သူကပြောပါတယ်။

စစ်အုပ်စုဟာ ကောလင်းမြို့ ခံသာတိုက်နယ်အတွင်းကို မေ(၂၈)ရက်မှာ စတင်ဝင်ရောက်ခဲ့ပြီး ဇွန် လ ၃ ရက်အထိတပတ်တာအတွင်း ဒေသခံ ၁၆ ဦးကို ဓားစာခံအနေနဲ့ ဖမ်းဆီးခေါ်ဆောင်ခဲ့တာလို့ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ဒေသခံ ၁၆ ဦးထဲက ရှစ်ဦးရဲ့ ရုပ်အ လောင်းတွေကို တစုတစည်းတည်းပြန်တွေ့ခဲ့ရပြီး ငါးဦးပြန်လည် လွတ်မြောက်ခဲ့ပေမယ့် လေးဦးက တော့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာကောလင်းမြို့ အရှေ့ဖက်ခြမ်းရှိ ခံသာတိုက်နယ်ထဲက ချပ်ကုန်း၊ ဘန့်ဘွေး၊ အင်းယား၊ မုတ်ဝ၊ ဖက်ခါး ကုန်းစတဲ့ ကျေးရွာတွေက ဒေသခံတွေဖြစ်တယ်လို့သိရပါတယ်။

လက်တလောမှာ မုတ်ဝကျေးရွာက ဒေသခံ ခြောက်ဦး အပါအဝင် ချပ်ကုန်းနဲ့ ဖက်ခါးကုန်းကျေးရွာက ဒေသခံ တဦးစီရဲ့ ရုပ်အလောင်းတွေကို ပြန်လည်းတွေ့ရှိထားတယ်လို့ သိရပါတယ်။

ချပ်ကုန်းရွာက ကိုဆန်းဦးနဲ့ ကိုမောင်ဝင်း၊ အင်းယားရွာက ဦးတင်လွင်အောင်နဲ့ ဘန်ဘွေးရွာက ဖိုးဆိုးတို့ ပျောက်ဆုံးနေသလို အဲဒီဖမ်းဆီးခံရတဲ့ ဒေသခံတွေနဲ့အတူ ပါသွားတဲ့ ငွေသားတချို့နဲ့ လက်ဝတ်ရတနာတွေကိုလည်း စစ်အုပ်စုက ယူ သွားတယ်လို့ ကောလင်း KR Teams ကဆိုပါတယ်။

ကောလင်းမြို့နယ် ခံသာတိုက်နယ်ထဲကို ခမရ (ခြေမြန်တပ်ရင်း) – ၃၆၉ က အင်အား ၁၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးဝင်ရောက်နေသလို အဲဒီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေလည်း ဖြစ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

photo Kawlin Revolution