ဇွန်၊ ၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ရွာတန်းရှည်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု ကြောင့် အသက် ၁၄နှစ်အရွယ်ကလေးတဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူ – ဒူးပလာယာခရိုင်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
“လက်နက်ကြီးကအိမ်ပေါ်ကို ကျတယ်လို့ပြောတယ်၊အခုထိသွားတဲ့သူတွေက မိသားစုဝင်တွေပဲ၊ကလေးတယောက် သေတယ်၊နှစ်ယောက်က ဒဏ် ရာရသွားတာပေါ့၊ သူ့အမေနဲ့ ညီမက ဒဏ်ရာရတာပေါ့၊အဲဒီဘက်မှာ ဘာတိုက်ပွဲမှ မဖြစ်နေဘူး၊ ဒီတိုင်းပစ်တာ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
ဒီကနေ့ မနက် ၉ နာရီခွဲလောက်မှာ ကော့ကရိတ်မြို့နယ် လှိုင်ဝအမြောက်တပ်က ၁၂၀ မမ လက် နက်ကြီး နှစ်လုံး ကျေးရွာတွေဘက်ကို ရမ်းသန်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ကေအဲန်ယူ – ဒူးပလာယာခရိုင်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်လိုက်တဲ့ လက်နက် ကြီးကျည်ဟာ ကော့ကရိတ်မြို့နယ်တောင်ပိုင်း ရွာ တန်းရှည်ကျေးရွာက ဦးထွန်းကြင်ရဲ့ နေအိမ်အပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်ရှိ မိခင်ဖြစ်သူ အသက်(၄၃)နှစ်အရွယ် ဒေါ်တပိနဲ့ သမီးဖြစ်သူ အသက် လေးနှစ်အရွယ် နန်းရေဝတီတို့မှာ လက် နက်ကြီးကျည်စထိမှန်ဒဏ်ရာတွေရရှိခဲ့ပြီး သားဖြစ်သူ အသက် ၁၂ နှစ်အရွယ် စောကျော်သန်းအောင်ကတော့ သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒါအပြင် ဇွန်လ ၆ ရက် မနက် အစောပိုင်းကလည်း ကော့ကရိတ်မြို့နယ် ခုဒုံကျေးရွာအုပ်စု ဆံဖလားကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းတကျောင်းနဲ့နေအိမ် လေးလုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့အမြှောက်တပ်နဲ့ တပ်ရင်းဌာနတွေကနေ တိုက်ပွဲဖြစ်တာမရှိဘဲ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်မှုတွေ လုပ်နေတာကြောင့် ဒေသခံတွေထိခိုက်သေဆုံးမှု များလာသလိုနေအိမ်ကနေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေသူတွေလည်းရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိမှာလည်း ကေအဲန်ယူ-ဒူးပလာယာခရိုင်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကေအဲန်ယူ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲတွေလည်း မကြာခဏဖြစ်ပွားလေ့ရှိနေပါတယ်။
စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ဒူးပလာယာခရိုင် တပ်မဟာ(၆)အုပ်ချုပ်မှုနယ်မြေမှာ တိုက်ပွဲပေါင်း (၆၆၆)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၂၂၀ ဦးသေဆုံးကာ (၉၉၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
ဒီလို နှစ်ဖက်စစ်ရေးတင်းမာလာတာနဲ့ စစ်ကောင်စီဘက်က အထိခိုက်ကျဆုံးမှု များလာတဲ့အခြေအနေတွေကြောင့် စစ်ကောင်စီ ဘက်က လေကြောင်းပစ်ကူတွေနဲ့ လက်နက်ကြီးတွေကို အဓိက အားထားအသုံးပြုပြီး ရမ်းသမ်းပစ်ခတ်လာတာကြောင့် ဒေသခံအရပ်သားတွေ ထိခိုက်သေဆုံးမှု များလာတာဖြစ်တယ်လို့ ဒေသတွေက ဆိုကြပါတယ်။
photo – Knu