ဇွန်၊ ၇
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ ပြီးခဲ့တဲ့ မေလကနေ အခုဇွန်လ ပထမအပတ်အထိ တလတာအတွင်း အုပ်စုဖွဲ့လုယက်မှု ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အမှုဖွင့်
လှစ်တိုင်တန်းပေမယ့် ရဲတပ်ဖွဲ့က ဆောင်ရွက်တာမရှိဘူးလို့ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
“ ဓားထောက်လုယက်မှုတွေ ဖြစ်တာ တလလောက်ရှိပြီ။ နေ့တိုင်းညတိုင်းကို ဖြစ်နေတဲ့သဘော ပြောလို့ရတယ်။ ကျွန်တော်ဆိုရင် ရွာထဲကို အိမ်ပြန်လာတုန်းရှိသေးတယ် ရွာထိပ်တံတားရောက်ကော နှာခေါင်းစည်း (mask)တွေ ဝတ်ထားတဲ့ သုံးယောက်က ဆိုင်ကယ်ရပ်ခိုင်းပြီး ဓားထောက်လုတာ။ ဆိုင်ကယ်ကော ဖုန်းကော ပိုက်ဆံ တသိန်းပါ အကုန်ပါသွားတယ်။ လူတောင်ကံကောင်းလို့ အသတ်မခံရတာ။ ရဲကို သွားတိုင်တော့လည်း တိုင်ချက်ပဲ ယူထားတယ်။ အဲတာတောင် တိုင်ချက်ဖွင့်ခ ပိုက်ဆံပေးလိုက်ရတယ် ” လို့ လုယက်ခံခဲ့ရသူ ဝက်ချောင်းကျေးရွာ ဒေသခံက ပြောပါတယ်။
ကျောင်းကုန်းမြို့နယ်က ရန်ကုန်-ပုသိမ်ကားလမ်းမနဲ့ ရပ်ကွက်လမ်းမပေါ်တွေမှာ သွားလာနေတဲ့ ခရီးဒေသခံတွေအပေါ် ပစ်မှတ်ထားကာ အုပ်စုဖွဲ့ဓားထောက်လုယက်မှုတွေ ကျူးလွန်လုပ်ဆောင်မှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာတယ်လို့လည်း ဆက်လက်ပြောပြပါတယ်။
ဒါ့အပြင် လုယက်မှုကျူးလွန်သူတွေဟာ အနည်းဆုံး သုံးဦးကနေ ငါးဦးအထိ အုပ်စုဖွဲ့ကျူးလွန်လေ့ရှိပြီး လမ်းမတန်းနေရာတွေက လူပြတ်တဲ့နေရာတွေ၊ လူခြေတိတ်ဆိတ်တဲ့ ရပ်ကွက်နေရာတွေနဲ့ ကျေးရွာတွေ စတာတွေမှာ မနက်အစောပိုင်းအချိန်အပြင် နေ့လည်အချိန်အထိပါ ဖြစ်ပွားလေ့ရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတွေက ဆိုပါတယ်။
ယခုလိုလုယက်မှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာတဲ့အပေါ် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ထံ သွားရောက်တိုင်တန်းတာတွေ ရှိနေပေမယ့် အမှုဖွင့်လှစ်ပေးတာ မရှိတဲ့အပြင် ပြစ်မှုကျူးလွန်ခံရတဲ့သူတွေအပေါ် မချေမငံဆက်ဆံခံရတာ ရှိတယ်လို့ ကျောင်းကုန်းဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက်စပ်တယ်လို့ဆိုကာ စစ်ဆေးမေးမြန်းခံရတဲ့အပြင် ငွေကြေးသိန်းချီ တောင်းခံတာတွေအထိ ရှိခဲ့တယ်လို့ ကျောင်းကုန်းမြို့ခံတစ်ဦးက ဆိုပါတယ်။
” အခုထိ လုယက်သူတွေ ဖမ်းမိတာ မကြားမိဘူး။ လှည့်ကင်းလှည့်တယ်ဆိုတာ တမင်တကာ ဟန်ပြလုပ်တာ။ တကယ်တမ်းက ဘာမှမဟုတ်ဘူး။ ပြီးတော့ ရဲစခန်းကို သွားရင် အမှုနဲ့မဆိုင်တာပါ အစစ်ခံရတယ်။ ဖုန်းတွေယူစစ်တာတို့ အထိပါ လုပ်တယ်။ PDF နဲ့အဆက်အသွယ်ရှိလားပေါ့။ ပြီးရင် ပိုက်ဆံတောင်းတယ်။ အမှုက မဖွင့်ပေးဘူး။ ပိုက်ဆံပေးမှ ဖွင့်ပေးမယ့် သဘောဖြစ်နေတယ်။ အခုဆို သွားဖို့လာဖို့ မရဲဘူးဖြစ်နေတယ် ” လို့ သူမက ဆိုပါတယ်။
ဒါ့အပြင်ဓားထောက် လုယက်မှုတွေဟာ အမျိုးသမီးတွေအပေါ် အများဆုံး ပစ်မှတ်ထားကျူးလွန်လေ့ရှိတဲ့အပြင် အလုပ်အကိုင်ရှားပါးလာတာ စီးပွားရေးကျဆင်းလာတာတွေက ပြစ်မှုပိုမိုကျူးလွန်စေတဲ့ အကြောင်းအရင်းတွေဖြစ်နေတယ်လို့ မြို့ခံ ဥပဒေကျွမ်းကျင်သူတွေက ပြောပါတယ်။
” ကျောင်းကုန်းမှာ အရင်တုန်းက လုယက်တယ်ဆိုတာ တခါမှမရှိခဲ့ဘူး။ အာဏာသိမ်းပြီး ၂ နှစ် ပြည့်တဲ့အချိန်မှာလည်း မတွေ့ရဘူး။ အခုနှစ်မေလထဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အချိန်နောက်ပိုင်းကစပြီးတော့မှ လုယက်မှုတွေ ကျူးလွန်လာတာ တွေ့လာရတာ။ အခုရက်ပိုင်း ပိုဆိုးဝါးလာတယ်။ ရဲဘက်ကလည်း ဘာမှ ဟုတ်တိပတ်တိလုပ်ဆောင်တာ မတွေ့ရဘူး။ အမှုဖွင့်ပေးဖို့တောင် ဝန်လေးနေတာ တွေ့နေရတယ် ” လို့ ကျောင်းကုန်းမြို့ခံ ရှေ့နေတဦးက ပြောပါတယ်။
ကျောင်းကုန်းမြို့နယ်မှာ ပြီးခဲ့တဲ့ မေလကနေ အခုဇွန်လ ပထမအပတ်အထိ ဓားထောက် လုယက်ခံရမှု (၁၅) ကြိမ်ထက်မနည်း ရှိနေကာ လက်ရှိအချိန်အထိ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ကျောင်းကုန်းမြို့မရဲစခန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
လက်ရှိအချိန်အထိ ကျောင်းကုန်းမြို့အတွင်းနဲ့ ကျေးရွာတွေမှာ လုယက်မှုတွေ မကြာခနဖြစ်ပွားနေတာတွေကြောင့် အသက်အန္တရာယ်ကျရောက်မှာကို စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ဓာတ်ပုံ – Social Media