မြန်မာနဲ့ အိန္ဒိယဆီ တင်ပို့ထားတဲ့ လက်နက် အစိတ်အပိုင်းတွေကို ရုရှား ပြန်လည် မှာယူတင်သွင်းနေရ

ဇွန်၊ ၇

ရုရှားဟာ အိန္ဒိယနဲ့ မြန်မာတို့အပြင် ပြည်ပကို တင်ပို့ထားတဲ့ စစ်လက်နက် အစိတ်အပိုင်းတွေကို ပြန်လည် မှာယူ တင်သွင်းပြီး ယူကရိန်း စစ်ပွဲအတွက် အသုံးချနေရတယ်လို့ သိရပါတယ်။

Nikkei သတင်းဌာနရဲ့ ဆောင်းပါးတခုမှာ ရုရှား အနေနဲ့ ယူကရိန်း စစ်ပွဲကြောင့် စစ်လက်နက်တွေ အများအပြား ပြုန်းတီးခဲ့တဲ့နောက် စစ်လက်နက် အဟောင်းအနွမ်းတွေကို ပြန်လည် မွမ်းမံ အဆင့်မြှင့်ဖို့ စဉ်းစားလာရကြောင်း၊ အဲဒီအတွက် လိုအပ်မယ့် အစိတ်အပိုင်းတွေကို ရုရှားရဲ့ ပြည်ပ ပို့ကုန်တွေထဲက ပြန်တင်သွင်း ဝယ်ယူနေကြောင်း ဖော်ပြခဲ့ပါတယ်။

မြန်မာနဲ့ အိန္ဒိယတို့ဟာ ရုရှားဆီက စစ်လက်နက်တွေ အများအပြား ဝယ်ယူနေတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ အခုတော့ ကာလရှည်ကြာ ကိုယ်တိုင် လက်နက်ရောင်းခဲ့ဖူးတဲ့ နိုင်ငံတွေကို ယူကရိန်း စစ်ပွဲအတွက် ရုရှားက ပြန်မှီခိုရမယ့် အခြေအနေမျိုး ဖြစ်လာပြီလို့ ရုရှားရဲ့ လက်နက်နဲ့ ဆက်စပ်ပစ္စည်း ကုန်သွယ်မှု အချက်အလက်တွေကို ဆန်းစစ် လေ့လာပြီးတဲ့နောက် Nikkeiက သုံးသပ်ပြခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရေရှည်မှာတော့ အဲဒီကိစ္စဟာ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခက်အခဲတွေအပြင် တခြား ပြဿနာတွေလည်း ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ အားကောင်းတဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ စစ်ခင်း တိုက်ခိုက်နေရတာကြောင့် စစ်လက်နက်တွေ လိုအပ်နေသလို အိန္ဒိယကလည်း ဒေသတွင်းပြိုင်ဘက် တရုတ်နဲ့ ရန်သူတော် ပါကစ္စတန်တို့ရဲ့ အချိန်ပြည့် ခြိမ်းခြောက်မှုကို ခံနေရတာပါ။

တချိန်တည်းမှာပဲ ရုရှားဟာ ယူကရိန်းကို ကျူးကျော် စစ်ပြုချိန် ကတည်းက အနောက်နိုင်ငံတွေရဲ့ ကုန်ကြမ်း တင်သွင်းခွင့် ပိတ်ဆို့မှုတွေကြောင့် စစ်လက်နက် ထုတ်လုပ်နိုင်စွမ်း လျော့ကျသွားတဲ့အပြင် ကိုယ်တိုင်ကလည်း စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ အများအပြားကို လိုအပ်နေပါတယ်။ အမေရိကန်၊ ဥရောပနိုင်ငံတွေနဲ့ ဂျပန်တို့ဟာ ရုရှားအတွက် စစ်လက်နက်တွေနဲ့ စစ်လက်နက် ထုတ်လုပ်ရာမှာ အသုံးပြုနိုင်တဲ့ ကုန်ကြမ်းတွေ တင်ပို့မှုကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

Nikkeiက ရုရှားရဲ့ တင့်ကား ထုတ်လုပ်တဲ့ ကုမ္ပဏီ Uralvagonzavodဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတုန်းက မြန်မာဆီကနေ စစ်သုံးပစ္စည်း ဒေါ်လာ ၂၄ သန်းဖိုးလောက် မှာယူ တင်သွင်းခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ ပစ္စည်းတွေက Uralvagonzavodမှာပဲ ထုတ်လုပ်ခဲ့ဖူးတဲ့ ပစ္စည်းတွေပဲဖြစ်ပြီး မြန်မာဆီ တင်ပို့ခဲ့ရာကနေ ပြန်လည် ဝယ်ယူတဲ့ သဘော ဖြစ်ပါတယ်။ အဲဒီထဲမှာ တင့်ကားတွေအတွက် အသုံးပြုဖို့ မြင်ကွင်းကြည့် ကိရိယာ ၆၇၇၅ ခုနဲ့ ကင်မရာ ၂၀၀ လည်း ပါဝင်တယ်လို့ သိရပါတယ်။

စစ်မြေပြင်မှာ တင့်ကားတွေ အများအပြား ဆုံးရှုံးနေတဲ့နောက် ရုရှားဟာ ဆိုဗီယက်ခေတ်သုံး တင့်ကား အဟောင်းတွေကို အဆင့်မြှင့်ပြီး ရှေ့တန်း လွှတ်နေရတဲ့ အခြေအနေမှာ အခုလို လက်နက် အစိတ်အပိုင်းတွေ လက်အလွှဲအပြောင်း ဖြစ်ခဲ့တာပါ။

အလားတူပဲ ရုရှားက ဒုံးကျည် ထုတ်လုပ်တဲ့ ကုမ္ပဏီ တခုဟာ အိန္ဒိယဆီ တင်ပို့ထားဖူးတဲ့ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်သုံး ချိန်ကွင်း ကိရိယာတွေ တော်တော်များများကို ပြန်လည် တင်သွင်းခဲ့တယ်လို့ Nikkeiက ဆိုပါတယ်။

ဇွန်လ ၅ ရက်မှာ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စစ်ပွဲတလျှောက် ယူကရိန်းတပ်တွေ ဖျက်ဆီးခဲ့တဲ့ ရုရှားတင့်ကား အရေအတွက်ဟာ ၃၈၄၈ စီး ရှိခဲ့ပြီးပြီလို့ သိရပါတယ်။

 

Ref: Nikkei