ဇွန်၊ ၇
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)ရဲ့ ပိုင်ရှင် ကာရင် ဘန်ဇီးမားဟာ ဆော်ဒီ အာရေးဘီးယား ပရိုလိဂ် ပြိုင်ပွဲကို တရားဝင် ကူးပြောင်း ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ် ပြင်သစ် တိုက်စစ်မှူးဟာ စပိန် ထိပ်တန်းကလပ် ရီးရဲလ်မက်ဒရစ် အသင်းမှာ ၁၄ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးတဲ့နောက် ဆော်ဒီ ပရိုလိဂ် ချန်ပီယံ အယ်လ်အစ်တီဟတ် အသင်းနဲ့ ၃ နှစ် စာချုပ်ကို ချုပ်ဆိုသွားခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ ရီးရဲလ် ကစားသမားဘဝ တလျှောက်မှာ ဘန်ဇီးမားဟာ ဥရောပ ချန်ပီယံလိဂ် အောင်မြင်မှု ၅ ကြိမ်နဲ့ စပိန် လာလီဂါ ချန်ပီယံဆု ၄ ကြိမ် အပါအဝင် ဆုဖလား ၂၅ လုံး ဆွတ်ခူး ရရှိခဲ့ပါတယ်။ အဲဒီနောက် သူဟာ စာချုပ် သက်တမ်း မစေ့ခင် တနှစ်အလိုမှာ ရီးရဲလ်နဲ့ ညှိနှိုင်းပြီး ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ရီးရဲလ်အသင်းရဲ့ သမိုင်းတလျှောက်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုပြီးရင် ဒုတိယ သွင်းဂိုး အများဆုံးအဖြစ် ၃၅၄ ဂိုးထိ ရရှိခဲ့ပါတယ်။
Ballon d’Or ဆုကို ၅ ကြိမ် ဆွတ်ခူးခဲ့ဖူးတဲ့ ရော်နယ်လ်ဒို ကိုယ်တိုင်ကလည်း အခုအခါ ဆော်ဒီကလပ် အယ်လ်နက်ဆာ အသင်းနဲ့ စာချုပ်ထားပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီ အသင်းကို စွန့်ခွာလာပြီး Ballon d’Orဆု ၇ ကြိမ် ရဖူးသူ လီယွန်နယ် မက်ဆီနဲ့ လက်ရှိ ရီးရဲလ်မှာ ကစားနေတဲ့ Ballon d’Or ဆုရှင်ဟောင်း လူကာမိုဒရစ်တို့ကိုပါ ဆော်ဒီ ကလပ်တွေက ချိတ်ဆက်နေတာကြောင့် အရှေ့အလယ်ပိုင်း ဒေသမှာ အရွယ်လွန် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဟောင်းတွေ စုဝေးလာမယ့် အလားအလာတွေ မြင်နေရပါတယ်။
အယ်လ်အစ်တီဟတ်နဲ့ စာချုပ်ခဲ့တဲ့နောက် ဘန်ဇီးမားက ဆော်ဒီ ပရိုလိဂ်ဟာ ထိပ်တန်း ကစားသမားတွေ ရှိနေပြီး အရည်အသွေး မြင့်မားတဲ့ ပြိုင်ပွဲတခုဖြစ်ကြောင်း၊ သူ့သူငယ်ချင်း ရော်နယ်လ်ဒိုလည်း ရောက်နှင့်နေပြီ ဖြစ်တာကြောင့် ဒီပြိုင်ပွဲဟာ အရှိန်အဟုန်နဲ့ တိုးတက်လာနေတယ် ဆိုတာကို ပြသနေကြောင်း၊ ဥရောပမှာလိုပဲ အယ်လ်အစ်တီဟတ်မှာလည်း သူက အောင်မြင်မှုတွေ အရယူသွားဖို့ ရည်မှန်းကြောင်း၊ စပိန်နဲ့ ဥရောပမှာ အံ့မခန်း အောင်မြင်မှုတွေ ရရှိခဲ့ခြင်းက သူ့အတွက် ကံကောင်းခဲ့တယ်လို့ ခံစားရပြီး အခုတော့ စိန်ခေါ်မှု အသစ်တခုကို ရွေးချယ်ဖို့ အချိန်တန်လာပြီလို့ ယူဆခဲ့ကြောင်း ပြောကြားသွားပါတယ်။
အယ်လ်အစ်တီဟတ် အသင်းကို အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် ကလပ်အသင်းတွေဖြစ်တဲ့ ဝုလ်ဗ်ဗာဟမ်ပတန်နဲ့ တော့တင်ဟမ် ဟော့စပါးတို့ကို ကိုင်တွယ်ခဲ့သူ ပေါ်တူဂီသား မန်နေဂျာ နူနို အက်စ်ပီရီတို ဆန်တိုက တာဝန်ယူထားတာ ဖြစ်ပါတယ်။
Ref: BBC