ဇွန် ၆
ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဥ်းထောင်၊မင်းစေတီဝင်ပေါက်အနီးမှာဗုံးသုံးလုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီးလှိုင်မြို့နယ်အတွင်းမှာ လည်းသေနတ်ပစ်ခတ်သံအချို့ကြားရတယ်လို့ဒေသခံတွေကDNAကိုပြောပါတယ်။
“ပထမပေါက်တာက ၈နာရီခွဲလောက်မှာပေါက်တာ။ပေါက်တော့ စစ်ကားတွေရောက်လာပြီး ဗုံးပေါက်တဲ့နေရာကို စစ်ဆေးနေတဲ့အချိန်မှာ ထပ်ပေါက်တာ၊အဲ့ဒါပြီးတော့ သိပ်မကြာထပ်ပေါက်တာ။လူထိမထိတော့ ကျွန်တော်တို့လည်း အခြေအနေကြည့်နေတယ်။လက်ရှိမှာတော့ အရိပ်အရောင်မတွေ့သေးဘူး”လို့ အင်းစိန်မြို့နယ်အတွင်းနေထိုင်တဲ့ ဒေသခံတဦးကပြောပါတယ်။
အင်းစိန်ဗဟိုအကျဥ်းထောင်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်ကတော့ ပေါက်ကွဲမှုကြောင့်ပျက်စီးမှုအချို့ရှိခဲ့ပေမယ် လူထိခိုက်တာမျိုးမရှိခဲ့ဘူးလို့ဆိုပါတယ်။
ဒါ့အပြင်အဲဒီလိုလိုပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်မှာတော့ စစ်ကောင်စီတပ်တွေ အနီးတဝိုက်လမ်းတွေကို ပိတ်ဆို့ပြီး ယာဥ်အချို့ကို စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
“လူထိတာတော့ မရှိဘူး။နဲနဲလည်းဝေးတော့။သူတို့စစ်တဲ့အချိန်၊ပေါက်တဲ့အချိန်မှာ ထိ၊မထိတော့ သေချာမသိသေးဘူး”လို့ အင်းစိန်ဗဟိုအကျဥ်းထောင်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တဦးက ပြောပါတယ်။
အင်းစိန်အကျဉ်းထောင်ဘေးကစစ်ကောင်စီလုံခြုံရေးတွေကိုဗုံးငါးလုံးနဲ့တိုက်ခိုက်တာမှာ သုံးလုံးပေါက်ကွဲပြီးကျန်ဗုံးနှစ်လုံးကိုတော့စစ်တပ်ကသိမ်းဆည်းသွားတယ်လို့ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တဖွဲ့ရဲ့ပြောကြားချက်နဲ့ရန်ကုန်ခေတ်သစ်သတင်းဌာနကရေးသားထားပါတယ်။
“ဗုံးပေါက်သံနှစ်ခါ ကြားရတယ်။ပြီးတော့သေနတ်သံနှစ်ချက်ကြားရတယ်”လို့အင်းစိန်ဒေသခံတဦးကပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကိုဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာ ထုတ်ဖော်ပြောကြားတဲ့မရှိသေးပါဘူး။
ဒါ့အပြင်လှိုင်မြို့နယ်မှာတော့ ဒီကနေ့ ည ၁၀နာရီခွဲခန့်အချိန်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။
“အသံကြားလိုက်ရတာ။အားလုံးပေါင်း သုံးချက်။နေရာအတိအကျမသိသေးဘူး။၈ရပ်ကွက်ကလိုလို၊၆ရပ်ကွက်ဘက်ကလိုလို့နဲ့ သေနတ်သံကတော့ သေချာတယ်”လို့ လှိုင်မြို့နယ်နေ ဒေသခံတဦးကပြောပါတယ်။
လှိုင်မြို့နယ်အတွင်းကပစ်ခတ်မှုဟာလည်းဘာကြောင့်ဖြစ်ပွါးတယ်ဆိုတာ DNAသတင်းဌာနအနေနဲ့တိတိကျကျမသိရသေးပါဘူး။
လှိုင်မြို့နယ်အတွင်းမှာတော့ ပြီးခဲ့တဲ့ ဇွန် ၄ရက်ကလည်း စစ်ကောင်ီတပ်တွေက အမှတ် ၈ရပ်ကွက်၊ဦးချိုလမ်းအတွင်းမှာ ပစ်ခတ်တာတွေလုပ်ခဲ့ပြီး သက်လက်ပိုင်းဒေသခံအမျိုးသားတဦးကိုလည်း ဖမ်းဆီးခဲ့သေးတယ်လို့ဆိုပါတယ်။