သံဃာတပါးကို ကားနဲ့တိုက်ပြီးနောက် ဆေးရုံပို့မယ်ဆိုကာ လမ်းဘေးမှာစွန့်ပစ်ခဲ့လို့ပျံလွန်တော်မူ

ဇွန်၊ ၆

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေမှာ သံဃာတော်တပါးကိုကားနဲ့တိုက်မိခဲ့သူတွေကဆေးရုံပို့ပေးမယ်ဆိုက ခေါ်သွားပြီးနောက် လမ်းဘေးတနေရာမှာစွန့်ပစ်ခဲ့ပြီး ကားတိုက်မိတဲ့သံဃာလည်း ပျံလွန်တော် မူသွားတယ်လို့ လူမှုကယ်ဆယ်ရေးလုပ်ကိုင်သူတွေနဲ့ မြို့ခံတွေဆီကသိရပါတယ်။

“ဆရာတော်ကြီးက ဆွမ်းခံကြွတာကို Light Truck နဲ့ တိုက်မိတာတာပေါ့နော်၊ဆွမ်းခံအတူတူကြွတဲ့ ဆရာတော် လည်းပါတယ်၊တိုက်သွားတဲ့သူတွေက ဆေးခန်းပို့ပေးမယ်ပြောပြီး ခေါ်သွားတာပေါ့၊အဲ့မှာ ပြန်လာမပို့လို့ ဆေးခန်းတွေလိုက်ရှာတော့ တောင်အောက်မှာ အလောင်းကို ပစ်ထားခဲ့တာပြန်တွေ့တာပေါ့၊ဆေးခန်းမပို့ဘဲ လမ်းတင်ပစ်ထားခဲ့ကြတာပါ ” လို့ လူမှုကူညီရေး အသင်းတွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။

ကားတိုက်ခံရပြီး ပျံလွန်တော်မူသွားတဲ့ သံဃာတော်ဟာ သက်တော် (၉၃)နှစ် ဝါတော် (၂၅)ဝါရှိ သံဃာတော်တပါး ဖြစ်ပြီး မန္တလေးတောင်ခြေက ကျောင်းတိုက်တခုမှာ သီတင်းသုံးတယ်လို့သိရပါတယ်။

အဲ့ဒီသံဃာတော်ဟာဒီကနေ့ မနက် ငါးနာရီလောက်က မန္တလေးတောင် အနောက်ဖက် ဂေါက်ကွင်းအနီးမှာအဖော်သံဃာတပါးနဲ့အတူ ဆွမ်းခံကြွနေချိန် ကားတိုက်ခံခဲ့ရတာပါ။ အဲဒီနောက် ကားပေါ်ပါလာတဲ့ အမျိုးသားလူငယ် သုံးဦးဟာဆေးရုံပို့ပေးမယ်ဆိုကာ ပင့်ခေါ်သွားခဲ့တာလို့ သိရပါတယ်။

“အပြင်ဒဏ်ရာတွေ ကြီးကြီးမားမားမရှိဘူးပေါ့၊ရင်ဘတ်ကိုတိုက်မိသွားတာပေါ့၊သူတို့က ဆရာတော်ရဲ့ ဖုန်းတွေကောယူသွားတာ၊သူကအဲဒီဖုန်းနဲ့ဆက်သေးတယ်၊ပြန်ပို့မယ် ဘာညာပြောတာပေါ့၊နောက်မှ အဲ့ဖုန်းပါစက်ပိတ်ပြီးတော့ ယူသွားကြတယ်၊ကားပေါ်ပါတဲ့ လူတွေတော့ မမိသေးဘူး” လို့ ဒေသခံ တဦးကပြောပါတယ်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာလည်း ဒီကနေ့ညနေပိုင်းက ကားနဲ့ဆိုင်ကယ်တိုက်မရာက ဆိုင်ကယ် မောင်း သူ ဦးခေါင်းပွင့်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး သေဆုံးသူဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူးလို့ မြရည်နန္ဒာလူမှု ကယ် ဆယ်ရေးအဖွဲ့ဆီကသိရပါတယ်။