ပေါ့စတီကိုဂလူကို မန်နေဂျာသစ်အဖြစ် တော့တင်ဟမ်ဟော့စပါး ခန့်အပ်

ဇွန်၊ ၆

အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးကလပ် တော့တင်ဟမ် ဟော့စပါးဟာ အန်းဂ် ပေါ့စတီကိုဂလူကို မန်နေဂျာသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း အတည်ပြု ထုတ်ပြန်သွားခဲ့ပါတယ်။

 စကော့တလန်ကလပ် ဂလက်စဂို ဆဲလ်တစ်ကို ၂ နှစ်ကြာ တာဝန်ယူခဲ့တဲ့ အတောအတွင်း အမှတ်ပေး ချန်ပီယံဆုတွေ ဆက်တိုက် ရယူပေးနိုင်ခဲ့တဲ့နောက် အသက် ၅၇ နှစ်အရွယ် ဩစတြေးလျ နိုင်ငံသားဟာ လန်ဒန်မြို့ အခြေစိုက် ကလပ်ဆီ ကူးပြောင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

 သူဟာ ၂၀၁၉ ခုနှစ်မှာ မော်ရစ်စီယို ပိုချက်တီနိုကို ထုတ်ပယ်ခဲ့တဲ့နောက်ပိုင်း တော့တင်ဟမ်ကို ကိုင်တွယ်တဲ့ စတုတ္ထမြောက် အမြဲတမ်း မန်နေဂျာ ဖြစ်လာပါတယ်။ တော့တင်ဟမ်က ပေါ့စတီကိုဂလူဟာ အသင်းနဲ့ ၄ နှစ်သက်တမ်း စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

 အသင်း ဥက္ကဋ္ဌ ဒန်နီလီဗိုင်းက ပေါ့စတီကိုဂလူလို အရည်အချင်း ပြည့်ဝသူ တဦးနဲ့ အလုပ်တွဲလုပ်ခွင့် ရမယ့်အပေါ် စိတ်လှုပ်ရှားနေမိကြောင်း ပြောပါတယ်။

 မတ်လမှာ တော့တင်ဟမ်ဟာ အီတလီသား မန်နေဂျာ အန်တိုနီယို ကွန်တီနဲ့ လမ်းခွဲခဲ့တဲ့နောက် အမြဲတမ်း မန်နေဂျာသစ် မခန့်အပ်ဘဲ ရာသီကုန်ချိန်ထိ ခရစ္စတီယန် စတယ်လီနီနဲ့ ရိုင်ယန် မေဆန်တို့က ယာယီမန်နေဂျာတွေအဖြစ် လက်ဆင့်ကမ်း တာဝန်ယူခဲ့ပါတယ်။

 အခုရာသီမှာတော့ ပေါ့စတီကိုဂလူဟာ စကော့တလန် ပြည်တွင်းပြိုင်ပွဲ ၃ ခုစလုံးမှာ ဆုဖလားတွေ သိမ်းကြုံးယူပြခဲ့ပါတယ်။ သူဟာ ၂ နှစ်အတွင်း စကော့တလန်မှာ ရနိုင်ခြေရှိတဲ့ ချန်ပီယံဆု ၆ ခုထဲက ၅ ခုကို အရယူပြခဲ့သူပါ။

 သူဟာ တော့တင်ဟမ်လိုမျိုး ယိမ်းယိုင်နေတဲ့ ကလပ်တွေကို ပြန်လည် တည့်မတ်ပေးရမယ့် အတွေ့အကြုံနဲ့ မစိမ်းလှတဲ့ မန်နေဂျာလို့လည်း သတ်မှတ်နိုင်ပါတယ်။ ၂၀၂၁ ခုနှစ်၊ နွေရာသီတုန်းက ဆဲလ်တစ်ကို သူရောက်သွားချိန်မှာ အသင်းဟာ ချန်ပီယံ ဂလက်စဂို ရိန်းဂျားစ်နောက် ၂၅ မှတ်ထိ ပြတ်ကျန်တဲ့ထိ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေခဲ့ရဖူးကြောင်း သိရပါတယ်။