မှတ်စုမရေးဘဲ ငွေလွှဲတဲ့ အကောင့်တွေပိတ်တယ်ဆိုတာ မဟုတ်ဘူးလို့ KBZ Pay ဆို

ဇွန်၊ ၆
 
အွန်လိုင်းကနေ ငွေလွှဲတဲ့အခါ မှတ်စုမရေးတဲ့ KBZ Pay အကောင့်တွေကို ပိတ်သိမ်းတယ်ဆိုတာ မဟုတ်ဘူးလို့ KBZ Pay ဝန်ဆောင်မှု တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
” မှတ်စုမရေးရင် ပိတ်သိမ်းတယ်ဆိုတာ မဟုတ်ပါဘူး၊ ညီမတို့ဘက်က တရားဝင်ကြေညာထားတာမျိုးလည်း မရှိပါဘူး ” လို့ KBZ Pay Call Center တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
အွန်လိုင်းငွေလွှဲဝန်ဆောင်မှုတခုဖြစ်တဲ့ KBZ Pay သုံးစွဲသူတွေကြား ငွေလွှဲတဲ့အခါ မှတ်စုမရေးတဲ့ အကောင့်တွေကို ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အရ ပိတ်သိမ်းနေတယ်ဆိုတဲ့ သတင်းတွေ ဇွန်လအစကတည်းက ပျံ့နှံ့နေတာပါ။
 
KBZ Pay သုံးစွဲသူ လူငယ်တဦးကလည်း ” မှတ်စုမရေးဘဲ နှစ်ခါလွှဲလိုက်မိတာ၊ သုံးသိန်းကျော်တယ် လွှဲတာက၊ အကောင့်ပိတ်ခံရတာကတော့ မရှိဘူး ” လို့ ပြောပါတယ်။
 
တဖက်မှာလည်း KBZ Pay သုံးစွဲသူတချို့ရဲ့ အကောင့်တွေ ပိတ်ခံရတာ ရှိနေပေမယ့် KBZ Pay ဝန်ဆောင်မှုဘက်ကတော့ အချက်အလက်မပြည့်စုံတဲ့ အကောင့်တွေကို ယာယီပိတ်သိမ်းတာသာဖြစ်ပြီး အချက်အလက်ပြည့်စုံအောင် ဖြည့်သွင်းခိုင်းပြီးပါက ပြန်ဖွင့်ပေးတယ်လို့ ဆိုပါတယ်။
 
KBZ Pay က အဲဒီလိုပြောဆိုပေမယ့် သုံးစွဲသူတွေကြားမှာတော့ အဲဒီလိုမှတ်စုမရေးရင် ပိတ်သိမ်းခံရမယ်ဆိုပြီး စိုးရိမ်စိတ်တွေ ရှိနေကြတယ်လို့ ဆိုကြပါတယ်။
 
“ (သူတို့က) ယုံရတာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဂရုစိုက်တာ ကောင်းပါတယ် ” လို့ ရန်ကုန်မြို့က KBZ Pay သုံးစွဲသူ လူငယ်တဦးက ပြောပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက်ပိုင်း KBZ Pay ကနေတဆင့် တော်လှန်ရေးအင်အားစုတွေဆီ ငွေကြေးထောက်ပံ့တဲ့သူတွေရဲ့ အကောင့်တွေ ပိတ်သိမ်းခံရတာ ရှိပါတယ်။
 
စစ်ကောင်စီကလည်း အဲဒီလူတွေကို KBZ Pay မှာ ဖြည့်သွင်းထားတဲ့ ကိုယ်ရေးအချက်အလက်တွေကနေ ခြေရာခံဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲ ထောင်ချတာတွေ လုပ်လေ့ရှိပါတယ်။
 
ဓာတ်ပုံ – DNA