ဇွန်၊ ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲက စံဖလားကျေးရွာထဲကို ဒီကနေ့ မနက်အစောပိုင်း၂ နာရီခန့်ကလေကြောင်းကနေ ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ရာ စာသင်ကျောင်းပျက်စီးသွားပြီး နေအိမ် နှစ်လုံး အနည်းငယ်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ အဲဒီအချိန်က ကျွန်တော်မအိပ်သေးဘူး။ အဲဒီအချိန်မှာ လေယာဉ်နဲ့ ဝေါကနဲ့ ချက်ချင်းကြီး နိမ့်ဆင်းပြီးတော့ ပစ်ချသွားတာ။ ညက ခေါင်းပေါ်ကနေ လေယာဉ်က နိမ့်နိမ့်လေပဲ ဖြတ်သွားတာ၊ ပေါင် ၁၀၀ ဗုံးနဲ့ နှစ်လုံးပစ်တယ်။ ဗုံးကြီး နှစ်လုံးကတော့ လမ်းမပေါ် ကျတယ် ” လို့ ကော့ကရိတ်မြို့နယ်ထဲက ဒေသခံတဦးက ပြောပါတယ်။
ဇွန်လ ၆ ရက် မနက် ၁ နာရီ ၊ ၄၇ မိနစ်မှာ စစ်ကောင်စီက တိုက်လေယာဉ် YAK– 130 နဲ့ ဗုံးတွေ လာရောက် ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စာသင်ကျောင်း၊ နေအိမ်တချို့ ထိခိုက်ပျက်စီးပေမယ့် အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရရှိတာတော့ မသိရသေးပါဘူး။
ဗုံးကြဲတိုက်ခိုက်ခံလိုက်ရတဲ့ စာသင်ကျောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေးကျောင်း လို့ သတင်းတွေ ထွက်ပေါ်နေပြီး စစ်ကောင်စီက အဲဒီစာသင်ကျောင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းကနေ လာရောက် တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ လေကြောင်းကနေ လာရောက်မတိုက်ခိုက်မီ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေ ပျံ့ဝဲနေပြီး ဒီနေ့မနက်မှ ရုတ်တရက် လာရောက်ကြဲသွားတာဖြစ်ပါတယ်။
ယမန်နေ့က ကော့ကရိတ်မြို့နယ်ထဲက ရှေ့တန်းတနေရာမှာတော့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပေမယ့် ဒီကနေ့ ဗုံးကြဲတိုက်ခိုက်တဲ့ စံဖလားကျေးရွာအနီးမှာတော့ တိုက်ပွဲတွေ ဖြစ်ပွားခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
ဓာတ်ပုံ – CJ