ကလေးမှာ တိုက်ပွဲမရှိဘဲ ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားနှစ်ဆယ်နီးပါး ဒဏ်ရာရ၊ တဦးစိုးရိမ်ရ

ဇွန်၊ ၆
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ဇွန် ၅ ရက်မနေ့က မနက်ပိုင်းနဲ့ ညပိုင်းမှာ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လေကြောင်းကနေ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့သလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတဆယ့်ကိုးဦး ထိခိုက်ဒဏ်ရာရပြီး တဦးစိုးရိမ်ရတယ်လို့ DNA က စုံစမ်းသိရပါတယ်။
 
အဲဒီလို ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် လက်ပံချောင်းရွာက ၁ဝဦး၊ တာဟန်းရပ်ကွက်က ငါးဦးနဲ့ ရှုခင်းသာကျေးရွာက လေးဦး စုစုပေါင်း ၁၉ ဦး ဒဏ်ရာရပြီး တဦးသေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
 
ကလေးမြို့ပေါ် စစ်ကောင်စီတပ်က ဇွန် ၅ ရက်မနက် ၁၁ နာရီခွဲခန့်မှာ ကလေးမြို့နယ်မြောက်ပိုင်းက လက်ပံချောင်းကျေးရွာကို လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် အရပ်သားခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
 
” တယောက်က ခြေထောက်နှစ်ဖက်လုံး ပြတ်သွားတယ်။ ကွမ်းယာဆိုင်က အမျိုးသမီးက မေးပွင့်သွားတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
အဲဒီလို ဒဏ်ရာရရှိသူခြောက်ဦးထဲမှာ တဦးက စိုးရိမ်ရတဲ့အနေအထားရှိတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် မနေ့ကည ၉ နာရီကျော်မှာပဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် အဲဒီလက်ပံချောင်းကျေးရွာက အရပ်သားလေးဦး ထပ်မံထိခိုက်ဒဏ်ရာရပြီး ကလေးမြို့အနောက်ပိုင်း တာဟန်းရပ်ကွက်က အရပ်သား ငါးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” တာဟန်း YCW ကိုယ်ပိုင်ကျောင်းဝန်းကျင်ဘက်ကို ကျတာ။ ငါးယောက်က တမိသားစုထဲကို ထိတာပါ ” လို့ ကလေးမြို့အနောက်ပိုင်း ဒေသခံတဦးက ပြောပါတယ်။
 
တာဟန်းရပ်ကွက်ထဲကို ကျတဲ့ လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ခုနစ်နှစ်အရွယ် ကလေးတဦးကို ကျည်စရှပ်မှန်ခဲ့ပြီး ကလေးမိဘနှစ်ဦးနဲ့ အခြားအမျိုးသားနှစ်ဦးကို လက်မောင်း၊ ဝမ်းဗိုက်နဲ့ ခြေထောက်တွေကို ကျည်စထိမှန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
အလားတူ ကလေးမြို့နယ်မြောက်ပိုင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် လေကြောင်းကနေပါ ပစ်ခတ်မှုပြုလုပ်ခဲ့တာကြောင့် ရှု့ခင်းသာကျေးရွာက အရပ်သားတဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
 
” အစည်းအဝေးလုပ်တာကို လာပစ်တာလို့သိရတယ်။ အနီးက မြစိမ်း၊ မြလင်းရွာက ဟာတွေလည်း အစည်းအဝေး လာတက်ကြတာကိုး။ ဒဏ်ရာရတဲ့ထဲမှာ မြစိမ်းရွာကနှ စ်ယောက်ပါတယ်လို့ သိထားတယ်။ ပစ်တာကတော့ အလင်းတန်းတွေကို အတိုင်းမြင်နေရတယ် ” လို့ ကလေးမြောက်ပိုင်း ဒေသခံတဦးက ပြောပါတယ်။
 
အဆိုပါလေကြောင်းပစ်ခတ်မှုမှာ အမျိုးသားလေးဦး၊ အမျိုးသမီးတဦးကို ထိမှန်ခဲ့တာဖြစ်ပြီး ထိမှန်ခံရတဲ့ထဲက အမျိုးသားတဦး အသက်ဆုံးရှုံးခဲ့တာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆက်လက် ပြောကြားပါတယ်။
 
ကလေးမြို့ပေါ်က စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဧပြီလကလည်း ကလေးမြို့နယ်တောင်ပိုင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားတဦး သေဆုံးပြီး တဆယ့်လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဓာတ်ပုံ – CJ