ကျောက်တံတားက အခွန်ရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီး အခွန်ဒုဦးစီးမှူးအပါအဝင် ငါးဦးထက်မနည်းဒဏ်ရာရ

ဇွန်၊ ၅

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းက ပြည်တွင်းအခွန်များဦးစီးဌာရုံးမှာ  ဒီကနေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးဒုတိယဦးစီးအရာရှိအဆင့်တဦးအပါအဝင် ငါးဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

“လုံခြုံရေးအရတော့ ဘယ်အဖွဲ့လုပ်တယ်ဆိုတာမပြောသေးပါဘူး။ကျွန်တော်တို့ သတင်းထုတ်ပြန်မှာပါ”လို့ ရန်ကုန်က အမည်မဖော်လိုတဲ့ မြို့ပြပျောက်ကြားအဖွဲ့ဝင်တဦးကပြောပါတယ်။

ဒီကနေ့ နေ့လယ်၁၂နာရီခန့်က ၃ရလမ်းထိပ် ပြည်တွင်းအခွန်ဦးစီးဌာနရုံးရဲ့ တတိယအထပ်မှာပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ပြည်တွင်းအခွန်ဦးစီးဌာနရုံးက ဒုဦးစီးမှူးတဦးအပါအဝင် ငါးဦးဒဏ်ရာရတာဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်တဲ့ PAN တယ်လီဂရမ်ချန်နယ်ကတော့ ဒဏ်ရာရရှိသူတွေဟာဒုဦးစီးမှူးဖြစ်သူ မဖြိုးဖြိုးအောင်အပါအဝင်အမျိုးသမီးဝန်ထမ်းသုံးဦးနဲ့ အခွန်ရုံးကို အလုပ်ကိစ္စနဲ့လာရောက်တဲ့ အမျိုးသမီးနှစ်ဦးတို့အပါအဝင် ခြောက်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာတော့ စစ်ကောင်စီတပ်တွေဟာ အင်အားအများနဲ့ရောက်ရှိလာပြီး ပန်းဆိုးတန်းလမ်း၊မဟာဗန္ဓုလလမ်းမကြီးနဲ့ကုန်သည်လမ်းကို ပိတ်ဆို့ကာ ရှာဖွေတာတွေအပြင်ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို အရေးပေါ်လူနာတင်ယာဉ်နဲ့ခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။

“ကျွန်တော်တို့က မြင်တဲ့အတိုင်းပြောပြတာပါ။ကျွန်တော်တို့ ရောက်တဲ့အချိန်က ရှာနေတာနောက်မှ လူနာတွေသယ်လာတာကိုတွေ့ရတာ”လို့ အဲ့ဒိဖြစ်စဉ်ကိုမြင်တွေ့ခဲ့သူတဦးကပြောပါတယ်။

အခွန်ရုံးပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေထဲက တဦး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရကြောင်းနဲ့ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီကအနီးပတ်ဝန်းကျင်ကို ပိတ်ဆို့စစ်ဆေးမှုတွေလုပ်ကာ မသင်္ကာသူ တချို့ ကိုလည်း ဖမ်းဆီး စစ်ဆေးခဲ့တယ်လို့ အဲ့ဒီရုံးအနီးမှာ အလုပ်လုပ်ကိုင်နေသူတဦးက ပြောပါတယ်။

“နောက်ထပ် မပေါက်သေးတဲ့(ဗုံး)တလုံးလည်းတွေ့တယ်၊ တယောက်က အသက်အန္တရာယ်စိုးရိမ်နေရတယ်၊သူတို့ မသင်္ကာတဲ့လူတွေကိုလည်းဖမ်းပြီးစစ်ဆေးနေတယ်၊ ငါးယောက်လားခြောက်ယောက်လားတော့မသိဘူး၊ ရုံးကိစ္စ လာလုပ်တဲ့သူတွေ”လို့သူကပြောပါတယ်။

စစ်ကောင်စီတပ်တွေက ပြည်တွင်းအခွန်းရုံးဝန်ထမ်းတွေကိုစစ်ဆေးတာ၊လမ်းပိတ်ဆို့ပြီး လမ်းသွား၊လမ်းလာတွေကို စစ်ဆေးတာတွေလုပ်ဆောင်ခဲ့ပေမဲ့ အခုအချိန်မှာတော့ လမ်းတွေပိတ်ဆို့ထားတပြန်ဖွင့်ပေးလိုက်ပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။

Photo-PAN