ဘောလုံးသမားဘဝကို ကျောခိုင်းစွန့်ခွာသွားတဲ့ အီဘရာဟီမိုဗစ်

ဇွန်၊ ၅

ခြေစွမ်း ထက်မြက်တဲ့အပြင် စကားနိုင် လုရာမှာ ကျွမ်းကျင်သူ တဦးအဖြစ်လည်း လူသိများတဲ့ ဆွီဒင် ဂန္ထဝင် တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ်ဟာ ဘောလုံးသမား ဘဝကနေ အနားယူသွားပြီ ဖြစ်ပါတယ်။

အသက် ၄၁ နှစ်အရွယ် အီဘရာဟီမိုဗစ်ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ နောက်ဆုံးနေ့ရက်တွေကို အီတလီထိပ်သီး အေစီမီလန် အသင်းမှာ ဖြတ်သန်း ကုန်ဆုံးစေခဲ့ပါတယ်။ ဇွန်လ ၄ ရက်ကတော့ အီတလီ စီးရီးအေ ရာသီအပိတ် ပွဲစဉ်အဖြစ် ဗီရိုနာ အသင်းနဲ့ ယှဉ်ပြိုင်ရာမှာ မီလန်ရဲ့ အိမ်ကွင်း ဆန်စီရိုထဲက ပရိသတ်တွေကို သူက နှုတ်ဆက်စကား ပြောကြားခဲ့ပါတယ်။

သူဟာ ဘောလုံးလောကကို နှုူတ်ဆက်လိုက်တာ ဖြစ်ပေမယ့် ပရိသတ်တွေကိုတော့ ဘယ်တော့မှ နှုတ်ဆက် စွန့်ခွာမှာ မဟုတ်ဘူးလို့ အီဘရာဟီမိုဗစ်က ဆိုပါတယ်။ သူစကားပြောနေချိန် လှောင်ပြောင်ခဲ့တဲ့ ဧည့်သည် ဗီရိုနာအသင်း ပရိသတ်တွေကို ခွန်းတုံ့ပြန်ခဲ့ပါသေးတယ်။

ဗီရိုနာ ပရိသတ်တွေ အနေနဲ့ သူ့ကို လှောင်ပြောင်လို့ရကြောင်း၊ သူ့လို ကစားသမားမျိုးကို မျက်ဝါးထင်ထင် မြင်ခွင့်ရနေတာကိုက သူတို့ဘဝမှာ အကြီးကျယ်ဆုံး အခိုက်အတန့်တခု ဖြစ်နေတာကို နားလည်သင့်ကြောင်း အီဘရာဟီမိုဗစ်က ပြောကြားသွားပါတယ်။

ဘောလုံးသမားဘဝကို သူကျောခိုင်းလိုက်တာဟာ ခေတ်သစ် ဘောလုံးနယ်ပယ်မှာ အောင်မြင်မှုတွေ အထုံမွှမ်းနိုင်ဆုံး မှတ်တမ်းတခု အဆုံးသတ်သွားခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ အေစီအပြင် အင်တာမီလန်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ မန်ချက်စတာ ယူနိုက်တက်၊ အိုင်းယက်စ် အမ်စတာဒမ်၊ ဂျူဗင်းတပ်စ်တို့လို ဥရောပ နာမည်ကျော် ကလပ်တွေအပြင် အမေရိကန် မေဂျာလိဂ် ပြိုင်ပွဲဝင် လော့စ်အန်ဂျလိစ် ဂလက်စီ အသင်းမှာပါ ကစားခဲ့ဖူးပြီး စုစုပေါင်း ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ၈၆၆ ပွဲမှာ ၅၁၁ ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆွီဒင် လက်ရွေးစင် အသင်းအတွက်လည်း ၁၂၂ ပွဲမှာ ၆၂ ဂိုးထိ ရရှိအောင် စွမ်းဆောင်ပြခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိရာသီမှာတော့ သူဟာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး မီလန်အတွက် ပွဲထွက် ၁ ကြိမ် အပါအဝင် ၄ ပွဲသာ ကစားခဲ့ပြီး ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ မီလန် ကစားသမား ဘဝကို နှစ်ကြိမ် ဖြတ်သန်းခဲ့ဖူးပါတယ်။ အီဘရာဟီမိုဗစ်က မီလန်ကို သူပထမအကြိမ် ရောက်လာတော့ ပရိသတ်တွေက သူ့အတွက် ပျော်ရွှင်မှုတွေ ပေးအပ်ခဲ့ပြီး ဒုတိယ အကြိမ် ထပ်ရောက်လာတဲ့အခါ ချစ်ခြင်းမေတ္တာတွေ ပေးအပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သူ့အတွက်တော့ မီလန်ဟာ ကိုယ့်အိမ်ကိုယ့်ရာလို ဖြစ်ခဲ့ပြီး တသက်လုံး မီလန်ကို ဆက်အားပေးသွားမယ်လို့လည်း အီဘရာဟီမိုဗစ်က ပြောကြားသွားပါတယ်။

သူဟာ နိုင်ငံတကာ အမှတ်ပေး ချန်ပီယံဆုတွေ ၁၄ ကြိမ် အပါအဝင် ဆုဖလား ၃၄ လုံးထိ ဆွတ်ခူးနိုင်ခဲ့သလို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Orအတွက် အဆိုပြု စာရင်းတွေမှာ ၁၁ ကြိမ် ပါဝင်ခွင့် ရခဲ့ဖူးပါတယ်။ သူ့ရဲ့ ကလပ်အသင်း ကစားသမား ဘဝမှာ နောင်တရစရာဆိုလို့ ဥရောပ ထိပ်တန်း ပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ် ဆုဖလားကို မရခဲ့ဖူးတာ ဖြစ်ပါတယ်။ သူဟာ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝမှာတော့ တခုတည်းသော ဥရောပ အောင်မြင်မှုအဖြစ် ယူရိုပါလိဂ် ချန်ပီယံဆုကို ရရှိနိုင်ခဲ့ပါတယ်။

 

Ref: BBC