ချောင်းဦး လဝက ရုံး တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားလေးဦးသေ

ဇွန်၊ ၄
 
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လဝက)ရုံး တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား လေးဦး သေဆုံးပြီး လက်နက်တွေ သိမ်းဆည်းရမိတယ်လို့ မုံရွာခရိုင် တပ်ရင်း ၈ တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။
 
ဇွန်လ ၄ ရက် ဒီကနေ့ မနက် ၆ နာရီ ၄၅ မိနစ်ချိန်မှာ ချောင်းဦးအထွက် မြင်းမူသွားတဲ့ လမ်းရှိ ချောင်းဦး လဝကရုံးမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သား ငါးဦးကို မုံရွာခရိုင်တပ်ရင်း ၈ က သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
 
“ ရုံးထဲမှာတော့ အများကြီးရှိတယ်။ အပြင်မှာက ငါးယောက်ရှိတာ၊ တယောက်ကတော့ လွတ်သွားတယ်၊ သူတို့တွေက ဒီနားက ပြည်သူတွေ၊ ကားတွေဆီက ပိုက်ဆံတွေတောင်းနေတာ၊ အဲ့ချိန်မှာ ကျွန်တော်တို့က အလစ်အငိုက် တိုက်ခိုက်ခဲ့တာပါ “ လို့ တပ်ရင်း ၈ တာဝန်ရှိသူက ပြောပါတယ်။
 
ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်သားတွေဆီက G3 လေးလက်နဲ့ ကျည် ၄၉ တောင့် သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။
 
တိုက်ခိုက်မှုကို မုံရွာခရိုင် ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်မှ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေဖက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ပြောပါတယ်။
 
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က စစ်ကား သုံးစီး အပြည့်ပါအင်အားနဲ့ ချောင်းဦးမြို့ လဝကရုံး အနီးမှာ လာ‌ရောက်တပ်စွဲနေရာယူထားပြီး လမ်းသွားလမ်းလာတွေနဲ့ ဒေသခံတွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – မုံရွာခရိုင် တပ်ရင်း (၈)