ကျောက်ထုမှာ ပီဒီအက်ဖ်က ခြုံခိုတိုက်ခိုက်လို့ စစ်ကောင်စီဘက်က နှစ်ဦးသေ၊ လေးဦးဒဏ်ရာရ

ဇွန်၊ ၄
 
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်၊ စံတောင်အနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ခြုံခိုတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယော PDF )ထံမှ သိရပါတယ်။
 
“ သေချာတယ် အတည်ပြုနိုင်တယ်၊ သူတို့ဘက်က နှစ်ဦးကျတာက၊ သူတို့ ဝင်လာတဲ့နဲ့ ကျွန်တော်တို့တွေနဲ့ အနီးကပ်ဖြစ်ကြတာ ဆိုတော့လေ၊ လေးဦးကတော့ မသေရင်တောင် ဒဏ်ရာပြင်းထန်တယ်၊ အဲ့လေးဦး ဒဏ်ရာပြင်းထန်တော့ သေလည်း ထပ်သေနိုင်တယ် ” လို့ ယော PDF တပ်ရင်းမှူးက DNA ကို ပြောပါတယ်။
 
ကျောက်ထုမြို့နယ် စံတောင်အနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို (YDF) ဦးဆောင်တဲ့ ယောနကစစ်ကြောင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၉)တပ်ခွဲ (၁) ယောချောင်းတပ်ခွဲ – ကျောက်ထု PDF ပူးပေါင်းစစ်ကြောင်းက မေလ ၃ ရက် ညနေ ၅ နာရီခွဲခန့်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
 
“ စံတောင်မှာ ကျွန်တော်တို့က သတင်းရလို့ ကြိုစောင့်နေတာ၊ အဲဒါ သူတို့ ဝင်လာတယ်၊ သူတို့ ရှေ့ပြေးအဖွဲ့ ၃၀ နဲ့ အနီးကပ်ပစ်ခတ်မှု ဖြစ်တာပေါ့၊ ကျွန်တော်တို့ဘက်က အင်အားလည်း များပါတယ်။ တိုက်ပွဲမှာလေ၊ ပြီးတော့ နာရီဝက်လောက်ပစ်ကြတယ်၊ နောက်ကလေ ရှိတဲ့ သူတို့ဘက်က လူတွေ လက်နက်ကြီးနဲ့ လှမ်းထုတာလည်း ရှိတယ်ပေါ့နော်။ အဲဒါသူတို့ဘက်က အထိနာတော့ ချက်ချင်းပြန်ဆုတ်သွားတယ် ” လို့ အဲဒီ ယော PDF တပ်ရင်းမှူး ပြောပါတယ်။
 
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၁၈၀ နဲ့ ၂၀၀ ကြားရှိတယ်လို့ ပြောပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အင်အားဘယ်လောက်နဲ့ တိုက်ခိုက်တယ် ဆိုတာကိုတော့ အဲဒီတပ်ရင်းမှူးက မပြောကြားပါဘူး။
 
ဒါ့အပြင် နှစ်ဖက်တိုက်ပွဲအတွင်းမှာ ယောပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီတပ်ဖွဲ့တွေထံက လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။
 
အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားတဲ့ စံတောင်ရဲ့ တောင်အောက်ခြေမှာဆိုရင် စစ်ကောင်စီလေတပ် တည်ရှိနေပြီး ယခုတိုက်ပွဲဖြစ်ပွားတဲ့ နေရာကို စစ်ကောင်စီက ထိန်းချုပ်ချင်တာကြောင့် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်ဖြစ်တယ်လို့ ဆိုပါတယ်။
 
“ အခုဖြစ်တဲ့နေရာက လေတပ်လေယာဉ်ကွင်းရဲ့ အနောက်ဘက်က တောင်ပေါ်မှာဖြစ်တယ်၊ တောင်ခြေမှာပေါ့ဗျာ လေယာဉ်ကွင်းကလေ၊ ဒီအနားမှာ လေယာဉ်ကွင်းလည်း ရှိနေတဲ့အခါကျတော့ အနီးတဝိုက်က နယ်မြေတွေကို သူတို့ထိန်းချုပ်ချင်တာပေါ့၊ ကျွန်တော်တို့လည်း သူတို့ကို အဝင်မခံဘူး။ ဒီဘက်မှာ တပ်စွဲထားတာပေါ့နော် ”လို့ ယော PDF တပ်ရင်းမှူးက ပြောပါတယ်။
 
နှစ်ဖက်တိုက်ပွဲဖြစ်ပွားတဲ့ နေရာဟာ ကျေးရွာတွေနဲ့ အလှမ်းဝေးတာကြောင့် ဒေသခံတွေ ထိခိုက်တာနဲ့ ထွက်ပြေးတိမ်ရှောင်ရတာမျိုးတွေ မရှိဘူးလို့ ဆိုပါတယ်။
 
လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ကျောက်ထုလေတပ်စခန်းကို ပြန်လည်ဆုတ်ခွာထားပြီး ဒီကနေ့ညနေအထိ စစ်ကြောင်းပြန်ထိုးလာတာမျိုး မရှိသလို လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာမျိုး မရှိပေမယ့် အဲဒီနယ်မြေကို စိုးမိုးချင်တာကြောင့် အချိန်မရွေး စစ်ကြောင်းထိုး ပြန်လည်ဝင်ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။
 
ဓာတ်ပုံ​ – ယောPDF