စစ်ကောင်စီတပ်နဲ့ MNDAA တို့ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ

ဇွန်၊ ၄
 
ရှမ်းပြည်နယ်၊ အထူးဒေသ (၄) မိုင်းလားမြို့မှာ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့ တွေ့ဆုံဆွေးနွေးနေစဉ် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့် (MNDAA)က ဒီကနေ့ ဇွန်လ ၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
 
တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့အတူ စစ်ကောင်စီ နဲ့ မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့တို့ဟာ ဇွန် ၁ ရက်မှာ စတင်တွေ့ဆုံဆွေးနွေးနေခဲ့တာဖြစ်ပြီး ဇွန်လ ၂ ရက်နေ့မှ စတင်ကာ မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့ထဲက MNDAA နဲ့ စစ်ကောင်စီတပ်ဟာ အထူးဒေသ (၁) မူပန်ဒေသနဲ့ ကိုးကန့်ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်းနေတယ်လို့ သိရပါတယ်။
 
ဇွန်လ ၂ရက်၊ မနက် ၉ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဟာ အထူးဒေသ (၁) မူပန်ခရိုင်၊ ပြင်းတောင်ရွာအနီးက MNDAA ရဲ့ ယာယီတပ်စခန်းကို စတင်ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ပြီး တိုက်ပွဲမှာ တနာရီကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
 
ဇွန်လ ၃ ရက်မှာလည်း ကိုးကန့်ခရိုင်၊ တုံရှမ်းဒေသ၊ ရှောက်မင်ရှမ်းနဲ့ ချောက်ချိုပါ နေရာတွေမှာ အခြေချနေတဲ့ MNDAA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား နှစ်နာရီကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
 
စစ်ကောင်စီဟာ အင်အား ၁၀၀ ခန့်နဲ့ ရှောက်မင်ရှမ်းနဲ့ ချောက်ချိုပါ့ နေရာတွေကို တိုက်ခိုက်လာတဲ့ အဲဒီတိုက်ပွဲမှာ MNDAA တပ်ဘက်မှ တဦးသေဆုံးကာ တဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးဘူးလို့ MNDAA က ဆိုပါတယ်။
 
ဒါ့အပြင် ဇွန်လ ၄ ရက် ဒီကနေ့မနက် ၁၀ နာရီခန့်မှာ ကိုးကန့်ခရိုင်၊ ရှိရှမ်းဒေသ၊ ကြာကျည်ရှု ကျေးရွာအုပ်စု၊ ကျန်တစ်ရှမ်း အနီးမှာလည်း ပစ်ခတ်သံတွေ ကြားနေရပြီး ကြာကျည်ရှူ နေရာမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်က ကျန်တစ်ရှမ်းဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
 
နှစ်ဖက်တိုက်ပွဲဖြစ်တဲ့ နေရာအနီးက တာခုတ်ကျည် မှာလည်း စစ်ကောင်စီက လမ်းကြောင်းကို ပိတ်ဆို့ထားမြစ်ထားတဲ့အတွက် အရပ်သားပြည်သူတွေ ပိတ်မိနေတယ်လို့ သိရပါတယ်။
 
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ရဲ့ ဆွေးနွေးပွဲဟာ ဇွန်လ ၁ ရက်ကနေ ၃ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားပေးမယ့် ဇွန်လ ၂ ရက် ဒုတိယမြောက်နေ့မှာ ဆွေးနွေးပွဲ ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။
 
မိုင်းလာမြို့က အဲဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ရက္ခိုင်တပ်တော်နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော်ကို ၂ နှစ်ကြာ ဆက်သွယ်မေးမြန်းပေးမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
 
အဲဒီ ဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာစေရေးကိစ္စ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကိစ္စ၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ပူးပေါင်းအကောင်အထည်ဖော်ရေးကိစ္စ၊ ယုံကြည်မှုတည်ဆောက်ရေးကိစ္စတို့ ဆွေးနွေးခဲ့ပါတယ်။
 
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက အဲဒီအချက်တွေကို ပြန်လည်မဆွေးနွေးဘဲ ဖမ်းဆီးထားသူတွေ ပြန်လွတ်ပေးရေး၊ မတရားအသင်းမှ ပယ်ဖျက်ရေး၊ မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူတွေကို လူသားချင်စာနာမှုအကူအညီတွေ အမြန်ဆုံးပေးရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
 
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးမထားတဲ့ အဲဲဒီသုံးဖွဲ့ဟာ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့ တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒီနှစ်ဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
 
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဟာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့် (MNTJP/MNDAA)၊ တအာင်းလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နဲ့ ရက္ခိုင့်တပ်တော် (ULA/AA) တို့ဖြစ်ပါတယ်။
 
ဓာတ်ပုံ – MNDAA