ဇွန် ၊ ၄
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကကျေးရွာအချို့ကို စစ်ကောင်စီ စစ်ကြောင်းက ဇွန်လ ၄ ရက် ဒီကနေ့ မနက်ကိုးနာရီ ဝန်းကျင်မှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ငါးထောင်ကျော် ထွက်ပြေး နေရတယ်လို့ ဒေသခံသတင်းတွေဖော်ပြနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က သိရပါတယ်။
‘’ ကျေးရွာငါးရွာက ဒေသခံ ငါးထောင်ကျော်ပြေးနေရတယ်။ညောင်ပင်ကြီးရွာပါတယ်၊ အခြားရွာတွေတော့ အတည်မပြုနိုင်သေးဘူး’’ လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
မုံရွာကလာတဲ့ အင်အား ၁၀၀ ကျော်ပါစစ်ကောင်စီစစ်ကြောင်းဟာ ဇက် သင်္ဘောနဲ့ ကူးလာပြီး ချင်းတွင်း မြစ်အနောက်ဘက်ကမ်းမှာ ရှိတဲ့ ညောင်ပင်ကြီးကျေးရွာမှာ တပ်လာစွဲနေတာဖြစ်တယ်လို့လည်း ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေက ပြောကြား ကြပါတယ်။
မုံရွာမြို့ တဖက်ကမ်းမှာရှိတဲ့ ညောင်ပင်ကြီးရွာကို စစ်ကောင်စီစစ်ကြောင်းတွေက မကြာခဏဆိုသလို စစ်ကြောင်းထိုးပြီးမီးရှို့ပေမဲ့ ဒီတကြိမ်မှာတော့ မီးရှို့ဖျက်ဆီးတာမရှိသေးဘူးလို့လည်းဒေသခံတွေက ဆိုကြပါတယ်။
စစ်ကောင်စီတပ်ဟာ ညောင်ပင်ကြီးကျေးရွာက သာသနာ့ ရောင်ခြည်ကျောင်းမှာတပ်စွဲထားတာကြောင့် ညောင်ပင်ကြီး၊ အိုမ၊ထန်းတော၊ရွာရှည်၊သိမ်တော်၊နှင်းတောနဲ့ ရွှေအင်းလေးစတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ထွက်ပြေးနေရတယ်လို့ Hero Fighter အဖွဲ့မှ ကိုသူရိန်ကပြောပါတယ်။
“ သေနတ်တချက်မှမဖောက်ဘူးဗျ၊ ရွာသားတွေကတော့ သူတို့ကို ကြောက်လို့ ရှောင်နေရတာပေါ့ ၊အစောပိုင်းတုန်းက လေး ယောက် ဖမ်းထားတာ အခုတော့ ပြန်လွှတ်လိုက်ပြီဗျ “ လို့ကိုသူရိန်ကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းကတော့ ညောပင်ကြီးကျေးရွာက သာသနာ့ရောင်ခြည်ကောင်းမှာ ခုထိတပ်စွဲထားတာဖြစ်တဲ့အတွက် အထိအခိုက်အပျက်အစီးကိုေတာ့ အသေးစိတ် အတည်ပြုလို့ မရသေးဘူးလို့ ကိုသူရိန်ကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ မုံရွာဖက်မှ အခုလိုကျေး ရွာကိုစစ်ကြောင်းထိုးမ ဝင်ခင် ဇွန်လ ၂ ရက်မှာလည်း မုံရွာဘက်ခြမ်းကနေ ညောင်ပင်ရွာ အနီးကို စစ်ကောင်စီတပ်ကနေလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အဲ့အချိန်ကတည်းက ဒေသခံအချို့ဟာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၅ရက်သင်္ကြန်အကြတ်နေ့မှာလည်းညောင်ပင်ကြီးရွာကို မီးရှို့ပြီးဒေသခံအရပ်သား နှစ်ဦးကို လည်းသေနတ်ပစ်သတ်သတ်ဖြတ်ခဲ့တယ်လို့ လည်း ဒေသခံတွေက ပြောကြ ပါတယ်။
Photo-အညာပစ်တိုင်းထောင်လေးများ