ရန်ကုန်-ပြည် ကားလမ်းပေါ်မှာ ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပြီး နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ဇွန် ၊ ၄

ပဲခူးတိုင်းအနောက်ခြမ်းက ကြို့ပင်ကောက်မြို့နယ်နဲ့ မင်းလှမြို့နယ်ရှိတဲ့ ရန်ကုန်- ပြည်ကားလမ်းမှာမှာဒီကနေ့ ဇွန်လ ၄ ရက်မနက်ပိုင်းမှာ ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး နှစ်ဦးသေဆုံးကာ နှစ်ဦးကတော့ဒဏ်ရာရခဲ့တယ်လို့ မြို့ခံပရဟိတအသင်းတွေဆီကသိရပါတယ်။

 ‘’ ရပ်ထားတဲ့ ကုန်တင်ကားက ရန်ကုန်ဘက်ကို ခေါင်းတည်ထားတာ၊ လူငယ်နှစ်ယောက်က ဆိုင်ကယ်နဲ့ ဇီးကုန်းဘက်ကပြန်လာတာ၊  ကုန်တင်ကားကို တိုက်မိတာကားကြီးက လမ်းတစ်ဖက်ခြမ်း အပြည့်ယူပြီး ရပ်ထားတာ နောက်ကနေ ဝင်စောင့်မိတာ ။ နေရာတင်ပွဲချင်းပြီးသေဆုံးတယ်’’ လို့ လူမှုကူညီရေးသွားရောက်တဲ့အသင်းက တာဝန်ရှိသူက DAN ကိုပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူတွေဟာ   ကြို့ပင်ကောက်မြို့နယ်က အသက် ၂၃နှစ်အရွယ် ကိုရှိုင်းလင်းထက်နဲ့ အသက် ၂၆နှစ်အရွယ် ကိုဆန်းရှိုင်း ထွဋ်တို့ဖြစ်ပြီး ရုပ်အလောင်းတွေကိုတော့ကြို့ပင်ကောက်ပြည်သူဆေးရုံကို နာရေးကူညီမှုအသင်းကပို့လိုက်ပြီလို့သိရပါတယ်။

 အလားတူပဲ  ဒီကနေ့ မနက် ငါးနာရီဝန်းကျင်မှာပဲမင်းလှမြို့နယ်၊ သပြေစမ်းကျေးရွာအနီး ရန်ကုန်-ပြည်လမ်းမကြီးပေါ်မှာ ၂၂ဘီးကုန်တင်ယာဉ်ကိုHino ၁၂ဘီးကားမှ နောက်ကနေဝင်တိုက်ခဲ့ပြီး ၁၂ယာဉ်ပေါ်မှ ယာဉ်မောင်းနှင့်ယာဉ်အကူတို့ ကားထဲညှပ်နေလို့ ခက်ခက်ခဲခဲနဲ့ ဆွဲထုတ်ရတဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့လည်း လူမှုကူညီရေးအသင်းတွေကဆိုပါတယ်။

 “မိုးရွာရင် ဒီလမ်းက လမ်းချော်တယ်။ တနေကုန်နေပူပြီး ကတ္တရာတွေကပျော်ထားတာ။ညဘက်မိုးထပ်ရွာတော့ မတော်တဆကဖြစ်တတ်တယ်။  ကားပျက်ရင်လည်း လမ်းဘေးရသလောက်တော့ချရပ်သင့်တယ်’’ လို့လည်း အဝေးပြေးယာဉ်မောင်းတဦးကဆိုပါတယ်။

 ပြီးခဲ့တဲ့ မေလ ၁၁ ရက်မှာလည်း ရန်ကုန်-ပြည်- မင်းလှ လမ်းပေါ်မှာ အိမ်စီးကားနဲ့ ဆိုင်ကယ်တိုက်မှုဖြစ်ခဲ့ပြီး ဆိုင်ကယ်ပေါ်က ဇနီးမောင်နှံနှစ်ဦး နေရာမှာတင်သေဆုံးတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။