ဒေါက်တာမျိုးအောင်နဲ့ ဦးရဲမင်းဦးတို့ရဲ့ အထူးအယူခံမှု ဆယ်မှု ခြောက်ရက်နေ့ကြားနာမယ်

ဇွန် ၊ ၄

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရလက်ထက်က နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နဲ့ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့ကို ထောင်ဒဏ်တွေချမှတ်ထားတဲ့ အမှု ဆယ် မှုအတွက် အထူးအယူခံကို ဒီလ ၆ ရက်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ နှစ်ဖက်ကြားနားသွားဖို့ရှိတယ်လို့ တရားရေးနဲ့ နီးစပ်သူတွေထံမှသိရပါတယ်။

” အမှုခေါ်စာရင်းမှာလည်း ပါတယ်လေ။ ခြောက် ရက်နေ့မှာ ရာဇဝတ်အထွေထွေ (အထူး) အယူခံအတွက် ပြောရမှာပေါ့။ အမှုတွေက အဂတိနဲ့ စွဲထားတဲ့အမှုတွေပါ။ မန္တလေးတိုင်း တရားလွှတ်တော်က အမိန့်ချတဲ့အပေါ်မှာ အယူခံအဆင့်ဆင့်တက်နေတဲ့ အမှုတွေပါ ” လို့ တရားရေးနဲ့ နီးစပ်သူတဦးကပြောပါတယ်။

စစ်ကောင်စီက ဒေါက်တာမျိုးအောင်အပေါ်စွဲထားတဲ့ အမှု ငါးမှုနဲ့ ဦးရဲမင်းဦးအပေါ်စွဲဆိုထားတဲ့ အမှု ငါမှု စုစုပေါင်းဆယ်မှုအတွက် အထူးအယူခံခွင့်ပြု၊ မပြုကို လာမယ့် ခြောက်ရက်နေ့မှာ နှစ်ဖက် အပြန်အလှန် လျှောက်လဲချက်ပေးရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့မှာ ပြည်ထောင်စုတရားလွှတ်တော်ချူပ် (တပါးထိုင်)ကဒေါက်တာမျိုးအောင်နဲ့ ဦးရဲမင်းဦး တို့ နှစ်ဦးတို့ တက်လာတဲ့ အဂတိအမှုတွေရဲ့ အယူခံတွေကို ပယ်ချခဲ့တဲ့အတွက် အထူးအယူခံတွေ ဆက်တက်ထားကြတာပါ။

စစ်တပ်အာဏသိမ်းမှု ဖြစ်ပြီးတဲ့နောက်  စစ်ကောင်စီက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာအထူး မြေကွက်ဖော်ထုတ်တာ အပါအဝင်  မြေကွက်တချို့ကို လုပ်ငန်းရှင်တွေထံ ရောင်းချခဲ့တဲ့ ကိစ္စတွေနဲ့ ပက်သက်ပြီး ဒေါက်တာမျိူးအောင်နဲ့ ဦးရဲမင်းဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ငါး မှုစီ တရားစွဲဆိုခဲ့တာပါ။

အဲဒီ အမှု ငါးမှုအတွက် စစ်အုပ်စု လက်အောက်ခံ တရားရုံးက တမှုကို ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခဲ့ပြီး တပေါင်းတည်း ကျခံစေခဲ့တာကြောင့် သူတို့ နှစ်ဦးက စုစုပေါင်း ထောင် သုံးနှစ်စီ ချမှတ်ခံထားရတာဖြစ်ပါတယ်။

အဲဒီလိုလိုချမှတ်ထားတဲ့ အမိန့်တွေကို ပြင်ဆင်ပေးဖို့အတွက် သူတို့နှစ်ဦးက တရားရုံးအဆင့်ဆင့်ကို အယူခံအဆင့်ဆင့် တက်ရောက်ခဲ့သော်လည်း တရားရုံးတွေက ပယ်ချနေတာလည်းဖြစ်တယ်လို့ တရားရေးနဲ့နီးစပ်သူတွေက ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာပဲ ဒေါက်တာ မျိုးအောင်နဲ့ ဦးရဲမင်းဦးတို့ နှစ်ဦးဟာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး လက်ရှိမှာ စစ်ကောင်စီက ပုဒ်မမျိုးစုံနဲ့ တရားစွဲထားလို့ ထောင်နှစ် ၂၀ ကျော်အထိ ချမှတ်ခံထားရတယ်လို့ သူတို့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့၂၀၂ဝခုနှစ်၊ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်ပါတီ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (CEC) တဦး ဖြစ်တဲ့ ဒေါက်တာ မျိုးအောင်ဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော် မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

အလားတူပဲ ဦးရဲမင်းဦးကလည်း ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ နေပြည်တော် ဒုတိယ မြို့တော်ဝန်၊ စည်ပင်သာယာရေး ကော်မတီ ဒု-ဥက္ကဋ္ဌနဲ့ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ စတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ပါတီရဲ့ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းမှုဖြစ်ပြီးနောက် ပါတီဝင်ပေါင်း ၆၄၀ ကျော်ဖမ်းဆီးခံခဲ့ရသလို သူတို့ရဲ့ နေအိမ်ပေါင်း ၁၅၀ ကျော်ကိုလည်း ချိတ်ပိတ်ခံထားရတယ်လို့ သိရပါတယ်။