စစ်ပွဲမပြီးမချင်း ယူကရိန်းက NATO အဖွဲ့ဝင် ဖြစ်မလာနိုင်ဘူးလို့ သမ္မတ ဇီလန်စကီး ဝန်ခံ

ဇွန် ၊ ၃

လက်ရှိ ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲ မပြီးမချင်း ယူကရိန်းဟာ NATO မဟာမိတ် အဖွဲ့ဝင် ဖြစ်လာနိုင်ခြေ မရှိဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံခဲ့ပါတယ်။

 ယူကရိန်းဟာ NATO အဖွဲ့ဝင် နိုင်ငံဖြစ်လာဖို့ တရားဝင် လျှောက်ထား တောင်းဆိုထားပေမယ့် အဖွဲ့ဝင် နိုင်ငံတွေကြားမှာတော့ ယူကရိန်းကို ဘယ်လောက်မြန်မြန် လက်သင့်ခံသင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း သဘောထား ကွဲလွဲနေပါတယ်။

 ကိယက်ဗ်မြို့တော်မှာ ဧည့်သည်တော် အက်စ်တိုးနီးယား သမ္မတ အလန် ကားရစ်နဲ့အတူ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ချိန်မှာ ဇီလန်စကီးက NATO အဖွဲ့ထဲ ပူးပေါင်းခြင်းကသာ ယူကရိန်းရဲ့ လုံခြုံရေးအတွက် ရေရှည် အာမခံချက် ရရှိစေမယ့် တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ မှတ်ချက် ပေးသွားပါတယ်။

 ဒါပေမဲ့ လက်ရှိ စစ်ဖြစ်နေတဲ့ နိုင်ငံတခုကို NATO အဖွဲ့ထဲ ဆွဲသွင်းဖို့ ဆိုတာက ဖြစ်သင့်တဲ့ အခြေအနေ မဟုတ်တာကိုတော့ နားလည် လက်ခံထားရမယ်လို့ သူက ဆိုပါတယ်။ တနည်းအားဖြင့် စစ်ပွဲ ဆက်လက် ရှည်ကြာနေသမျှ ကာလပတ်လုံး ယူကရိန်းဟာ NATO အဖွဲ့ဝင် ဖြစ်မလာနိုင်သေးကြောင်း၊ ဒါဟာ ယူကရိန်းက NATO အဖွဲ့ထဲ မပါချင်တာကြောင့် မဟုတ်ဘဲ ပါဝင်ဖို့ မဖြစ်နိုင်သေးတာလို့သာ အဓိပ္ပါယ်ရကြောင်းလည်း ဇီလန်စကီးက ဖွင့်ဟသွားပါတယ်။

 ယူကရိန်း အစိုးရက အပစ်အခတ် ရပ်စဲရေး ကိစ္စကို လမ်းဖွင့်ထားပေမယ့် ရုရှား ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အဆုံးရှုံး ခံရမယ်ဆိုရင် ဒီကိစ္စကို လုံးဝ ဆွေးနွေးမှာ မဟုတ်ဘူးလို့ အတိအလင်း ကြေညာထားပါတယ်။

 ဇီလန်စကီးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း နိုင်ငံတကာ ထိတွေ့ ဆက်ဆံမှုတွေကို အရှိန်မြှင့်လာပြီး အနောက်မဟာမိတ် နိုင်ငံတွေဆီက စစ်လက်နက် အကူအညီတွေ ပိုမိုရရှိအောင် အားထုတ်လာတာကိုလည်း တွေ့ခဲ့ရပါတယ်။