ဇွန် ၊ ၃
ပွဲအပြီးမှာ ကွင်းလယ်ဒိုင်ကို ပြင်းပြင်းထန်ထန် ဝေဖန် ထိုးနှက်ခဲ့တဲ့အတွက် ရိုးမားအသင်းရဲ့ မန်နေဂျာ ဟိုဆေး မော်ရင်ဟိုဟာ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)ရဲ့ စွဲချက်တင်ခြင်းကို ခံလိုက်ရပါတယ်။
အခုသီတင်းပတ်ထဲမှာ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်တဲ့အခါ အီတလီကလပ် ရိုးမားဟာ စပိန်ကလပ် ဆဗီးလားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အဲဒီ ပွဲစဉ်အပြီး ကွင်းလယ်ဒိုင် အန်သိုနီ တေလာကို မော်ရင်ဟိုက ရင့်သီးတဲ့ စကားလုံးတွေနဲ့ ဝေဖန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်အပြီး မကျေမနပ် ဖြစ်နေတဲ့ မော်ရင်ဟိုဟာ ကားပါကင်ထဲမှာ တေလာကို စောင့်ပြီး ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ဒေါသတကြီး ရန်တွေ့ခဲ့တာပါ။ ပေါ်တူဂီသား မန်နေဂျာက အဲဒီပွဲစဉ်မှာ တေလာရဲ့ ဆုံးဖြတ်ချက်တွေဟာ ရိုးမားအသင်းကို တဖက်သတ် နစ်နာစေခဲ့တယ်လို့ ယူဆနေပါတယ်။ သူဟာ ပွဲကစားချိန် အတွင်းမှာလည်း ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် စောဒက တက်ခဲ့ပါသေးတယ်။
မော်ရင်ဟိုရဲ့ အပြုအမူနဲ့ ပတ်သက်လို့ UEFAက သတ်မှတ်စည်းမျဉ်းတွေနဲ့အညီ အရေးယူသွားမယ်လို့ ပြောပါတယ်။ UEFAရဲ့ စွဲချက်တွေထဲမှာ ရိုးမားအသင်းရဲ့ ပရိသတ်တွေက ကွင်းထဲကို ပစ္စည်းတွေနဲ့ ပစ်ပေါက်တာတွေ အတွက်လည်း အရေးယူမယ်လို့ ဆိုပါတယ်။
တေလာနဲ့ သူ့ရဲ့ မိသားစုဟာ ဘူဒါပက်စ် လေဆိပ်ကနေ နေရပ် ဗြိတိန်နိုင်ငံကို အပြန်မှာလည်း ရိုးမား ပရိသတ်တွေရဲ့ ပစ်မှတ်ထား လှောင်ပြောင် ပုတ်ခတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
မော်ရင်ဟိုဟာ အခုကိစ္စနဲ့ ပတ်သက်ပြီး ကာလရှည် ပွဲပယ် ပြစ်ဒဏ်မျိုး ကျခံရနိုင်တဲ့ အခြေအနေ ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။