ဇွန်၊ ၂
စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ဆီမှာ မှတ်ပုံပြန်မတင်ထားတဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကို ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီ အဖြစ် အမည်ပြောင်းလဲလိုက်ပြီး စစ်အာဏာရှင်အားလုံးကို နိုင်ငံရေးနည်းနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပါတီဥက္ကဌ ခူးသဲရယ်က ပြောပါတယ်။
“ နိုင်ငံရေးနည်းနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်၊ လက်ရှိ ကရင်နီပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် လူထုတွေ ဒုက္ခရောက်နေတဲ့အပေါ်မှာလည်း နိုင်ငံရေးအရ လူထုကို ဘယ်လို ဦးဆောင်မလဲ၊ နိုင်ငံရေးအရ လူထုကို ဘယ်လိုထိန်းမလဲ ဆိုတဲ့ဟာမျိုးပေါ့နော်၊ တတ်နိုင်တဲ့ဘက်က ပါတီကနေ ပါဝင်အားဖြည့်ဖို့ပဲ ဖြစ်ပါတယ် ” လို့ သူက ပြောပါတယ်။
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီရဲ့ ပထမကြိမ် ညီလာခံကို ပြီးခဲ့တဲ့ မေလ အတွင်းက ကရင်နီပြည် တနေရာမှာ နှစ်ရက်ကြာကျင်းပခဲ့ပြီး ပါတီရဲ့ မျှော်မှန်းချက်၊ ရည်ရွယ်ချက်၊ အခြေခံမူတွေနဲ့ ပါတီဖွဲ့စည်းတည်ဆောက်ပုံ တွေကို ပြန်လည်ပြင်ဆင်၊ ဖြည့်စွက်မှုတွေ လုပ်ခဲ့တယ်လို့ ဒီကနေ့ ဇွန်လ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ညီလာခံရဲ့ ဆုံးဖြတ်ချက်အရ ပါတီအမည်ကိုလည်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (Kayah State Democratic Party – KySDP) ကနေ ကရင်နီပြည်နယ် ဒီမိုကရက်တစ်ပါတီ (Karenni State Democratic Party – KSDP) အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။
“ ၂၀၁၇ က ပါတီကို တည်ထောင်တဲ့အခါမှာ ၂၀၀၈ အောက်ကနေ စဉ်းစားပြီး တည်ထောင်ခဲ့တယ်၊ အခုချိန်မှာ ၂၀၀၈ အောက်နေ စဉ်းစားစရာ မလိုဘဲနဲ့ ပကတိအခြေအနေ လက်ရှိတိုင်းရင်းသားတွေ စုဖွဲ့နေတဲ့ ကရင်နီပြည် ကို အခြေခံပြီးတော့ လူမျိုးစုအားလုံးကို ကိုယ်စားပြုနိုင်တဲ့ အဖွဲ့ဖြစ်ဖို့အတွက် အမည်နာမ ပြောင်းလဲဖွဲ့စည်းလိုက်တာ ဖြစ်တယ် ” လို့ ပါတီဥက္ကဌ ခူးသဲရယ်က ပြောပါတယ်။
လူထုရဲ့ ထောက်ခံအားပေးမှုနဲ့ အခြေအနေကို ကြည့်ပြီး အခုလိုအပြောင်းအလဲ လုပ်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။ ပါတီညီလာခံမှာ ပါတီရဲ့ ဗဟိုကော်မတီဝင် (၁၄) ဦးနဲ့ ဗဟိုအလုပ်အမှုဆောင် ကိုးဦးတို့ကို ရွေးချယ်တင်မြှောက်ခဲ့ပြီး ပါတီဥက္ကဌအဖြစ် ခူးသဲရယ်၊ ဒုဥက္ကဌအဖြစ် မော်မိုးမြာ၊ အထွေထွေအတွင်းရေးမှူးအဖြစ် အန်တောညို တို့ကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
ပါတီညီလာခံအပြီး ဥက္ကဌဖြစ်လာတဲ့ ခူးသဲရယ်ဟာ စစ်အာဏာသိမ်းပြီးချိန် နောက်ပိုင်းကာလတွေအထိ အဲ့ဒီပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။ အရင်ပါတီ ဥက္ကဌ ဦးဖိုးရယ်အပါအဝင် ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်ဟောင်း အများစုဟာ အသက်အရွယ်နဲ့ နိုင်ငံရေးအခြေအနေတွေအရ အနားယူသွားကြတယ်လို့ ခူးသဲရယ်က ပြောပါတယ်။
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌဟောင်း ဦးဖိုးရယ်ဟာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံချိန်မှာ ပါဝင်တက်ရောက်ခဲ့သူတဦး ဖြစ်ပါတယ်။
“ လူဟောင်းတွေကတော့ လုံးဝပါမလာတော့ဘူးပေါ့နော်၊ ဒါက အသက်အရွယ်အရရော နောက်နိုင်ငံရေးအရရော သူတို့ရဲ့အခြေအနေကလည်း တစုံတရာ ဒီထဲမှာ ပါဝင်လာဖို့ အဆင်မပြေတဲ့အခါကျတော့ သူတို့က ပါတီကနေ လုံးလုံးနားလိုက်တာ ဖြစ်ပါတယ် ” လို့ ခူးသဲရယ်က ပြောပါတယ်။
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မတိုင်မီက စောင့်ကြည့်ခံခဲ့ရတဲ့ တိုင်းရင်းသားပေါင်းစည်းပါတီ တွေထဲက တခုဖြစ်ပါတယ်။
၂၀၂၀ မတိုင်မီ ပြည်နယ်တွေမှာ အင်အားကြီးပါတီတွေကို ယှဉ်ပြိုင်နိုင်ဖို့အတွက် တိုင်ရင်းသားပါတီတွေ ပေါင်းစည်းကြတဲ့ နိုင်ငံရေးအရွေ့ အားကောင်းခဲ့ပြီး ကယားပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီနှစ်ခုကလည်း ၂၀၁၇ ခုနှစ်မှာ စတင်ပေါင်းစည်းကာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီအနေနဲ့ အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။
အဲ့ဒီပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မှာ ပြည်နယ်အတွင်း မဲဆန္ဒနယ် ၃၀ မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမတ်လောင်း ရှစ်ဦး အနိုင်ရခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ကယားပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ နဲ့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ တို့မှာလည်း ကယားပြည်နယ် ဒီမိုကရက် တစ်ပါတီဝင်တွေ ပါဝင်နေပါတယ်။
တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ ကရင်နီ (ကယား)ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီတွေဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဆီမှာ မှတ်ပုံပြန်မတင်ခဲ့တာကြောင့် အဲ့ဒီကော်မရှင်က ဖျက်သိမ်းတယ်လို့ ကြေညာထားပါတယ်။
ဓာတ်ပုံ – Social Media
ပုံစာ – အမည်ပြောင်းလိုက်တဲ့ ကရင်နီပါတီမှာ ဥက္ကဌဖြစ်လာတဲ့ ခူးသဲရယ်။