ဟိုင်းကြီးကျွန်းအနီး ပင်လယ်မှာဖမ်းမိတဲ့ ရိုဟင်ဂျာခြောက်ဆယ်ကျော်ကို ထောင်ငါးနှစ်စီချ

ဇွန်၊ ၂
 
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီး ပင်လယ်မှာ ဖမ်းမိတဲ့ ရိုဟင်ဂျာ ၆၂ ဦး ကို စစ်ကောင်စီရဲ့ ငပုတောမြို့နယ် တရားရုံးက ထောင်ဒဏ် ငါးနှစ်စီ ချမှတ်လိုက်တယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာန အသိုင်းအဝိုင်းက သိရပါတယ်။
 
ဟိုင်းကြီးကျွန်းမြို့ အနီး ပင်လယ်ပြင်မှာ မေလ ၅ ရက်က စစ်ကောင်စီရဲ့ ဟိုင်းကြီးကျွန်း ရေတပ်စခန်းက စစ်ရေယာဉ် နဲ့ လိုက်လံဖမ်းဆီးတာ ခံရတဲ ရိုဟင်ဂျာ အမျိုးသား ၅၀ ဦးနဲ့ အမျိုးသမီး ၁၂ ဦးကို မေလ ၃၁ ရက်နေ့က နိုင် ငံသားမှတ်ပုံတင်အက်ဥပဒေ ပုဒ်မ ၆၃ (က) နဲ့ ငပုတောမြို့နယ် တရားသူကြီးက အမိန့်ချလိုက်တာပါ။
 
ဒေသခံ မူဆလင် လူမှုကူညီရေးအဖွဲ့ဝင်တဦးက “ အဲ့ဒိ ၆၂ ယောက်မှာ အသက်မပြည့်သေးတဲ့ ကလေး ရှစ်ဦး ကိုလည်း ထောင်ငါးနှစ်ချ လိုက်တယ်။ တရားသူကြီးက သားသမီးချင်း စာနာစိတ် ကင်းမဲ့လွန်းတယ်။ ကလေးတွေက မိကွဲ ဖကွဲ နဲ့ ကလေးထောင်မှာ အကျခံရမှာ “ လို့ DNA ကိုပြောပါတယ်။
 
ဖမ်းဆီးထောင်ချခံရတဲ့ ရိုဟင်ဂျာ ၆၂ ဦးဟာ ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတော ဒေသ မွေးဖွားတဲ့သူတွေ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတွေ ဖြစ်ပေမယ့် နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေသူတွေဖြစ်ပြီး အသက် ၁၈ နှစ် မပြည့်သေးတဲ့သူတွေဟာလည်း ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ဆုံးရှုံးနေသူတွေ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောဆိုပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီ ရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန စစ်ဆေးချက် တွေ၊ ရဲတပ်ဖွဲ့ စစ်ဆေးချက်တွေနဲ့ အမိန့်ချလိုက်တာ ဖြစ်ပြီး ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေ ဘက်ကနေ ဥပဒေအရ ဘာမှလျှောက်လဲခွင့် မရတဲ့အပြင် ချမှတ်တဲ့ ထောင်ဒဏ် ငါးနှစ် ကလည်း များလွန်းနေတယ်လို့ တရားလွှတ်တော်ရှေ့နေက ဆက်ပြောပါတယ်။
 
“ သူတို့ (ရိုဟင်ဂျာ) တွေဆီက အဖမ်းခံရတုန်းက ဖုန်းတွေနဲ့ ငွေတွေကို ရေတပ်က သိမ်းထားတာ ပြန်မပေးသေးဘူး။ အဲ့ဒါတွေကို သိမ်းထားတဲ့ အဖွဲ့အစည်းက ဒေသခံ မူဆလင် ဘာသာရေး အဖွဲ့အစည်း ဒါမှမဟုတ် ဗလီ ကို အပ်နှံရမှာဖြစ်တယ် ” လို့ ဒေသခံ မြန်မာ မူဆလင် လူငယ် ကွန်ရက် အဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ဖမ်းဆီး ထောင်ချခံရတဲ့ ရိုဟင်ဂျာ ၆၂ ဦး ဟာ စစ်တွေ၊ ဗူးသီးတောင်၊ မောင်းတော ဒေသရှိ ဒုက္ခသည်စခန်းတွေက အများပါဝင်ပြီး မလေးရှား နိုင်ငံမှာ သွားရောက် အလုပ်လုပ်ဖို့ စက်လှေ နဲ့ ထွက်ခွာလာစဉ်မှာ ဟိုင်းကြီးကျွန်း အနီးအရောက် ပင်လယ်ပြင်မှာ စစ်ကောင်စီ ရေတပ် က မေလ ၅ ရက်နေ့က ဖမ်းဆီးလိုက်တာပါ။
 
ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်က ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေက ထွက်ခွာလာတဲ့ ရိုဟင်ဂျာ ၇၀ ဦးကျော်ကို ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ အနီး ပင်လယ်ပြင်မှာ စစ်ကောင်စီ ရဲ့ ရေတပ်က ဖမ်းဆီးခဲ့ပါသေးတယ်။
 
ဖမ်းဆီးရမိတဲ့ အဲ့ဒီ ရိုဟင်ဂျာ ၇၀ ကျော်ကို ငပုတောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက နိုင်ငံသားမှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၆၃ က နဲ့ အမှုဖွင့် တိုင်ကြားပြီး ငပုတောမြို့နယ် တရားရုံးက ဧပြီလ ၂၅ ရက်က ထောင်ဒဏ်နှစ်နှစ်စီ ချခဲ့ပါသေးတယ်။
 
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဒေသခံ တသိန်းလေးသောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အဲဒီထဲက ၉၅ ရာခိုင်နှုန်းဟာ မွတ်ဆလင်တွေဖြစ်ကာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတယ်လို့ ၂၀၁၇ ခုနှစ်ထုတ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
ဒုက္ခသည်စခန်းတွေမှာ နှစ်ရှည်လများ နေထိုင်နေရတဲ့အတွက် မလေးရှားနိုင်ငံလို ပြည်ပနိုင်ငံကို ထွက်ခွာဖို့ ကြိုးစားပေမယ့် ပင်လယ်ထဲမှာ သေဆုံးတာ၊ ဖမ်းဆီးခံရတာ၊ လူကုန်ကူးခံရတာ တွေကိုလည်း ခံစားနေကြရတာ ဖြစ်ပါတယ်။
 
ဒါ့အပြင် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ခုနှစ်သိန်းကျော်ဟာ နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
 
စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်အထိ တနှစ်အတွင်း စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက စွန့်ခွာလာတဲ့ ရိုဟင်ဂျာ ၁၆၅၃ ဦးကို ဖမ်းဆီးခဲ့ပြီး ၂၇၁ ဦးကို ထောင်ဒဏ် နှစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်ခဲ့တယ်လို့ လွတ်လပ်တဲ့ အာရှအသံ RFA က ဖော်ပြထားပါတယ်။ 
ဓာတ်ပုံ- CJ