ဇွန်၊ ၂
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး ပါအဝင် ငါးဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး တဦးစိုးရိမ်ရတယ်လို့ ကေအဲန်ယူ သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်မှုကော်မတီမှ သိရပါတယ်။
“ သူတို့က အခုတလော တိုက်ပွဲမဖြစ်ဘူးနော်၊ ဒီအတိုင်းပဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတာပဲ၊ ဒီနောက်ပိုင်းမှာ တော်တော်ပစ်လာတယ်၊ အခုလည်း ညက ဘာမှမဖြစ်ဘူးနော်၊ ဒီအတိုင်းပစ်တာ၊ ၁၂၀ မမနဲ့ အဲဒါ အသက်သုံးနှစ်ပဲ ရှိသေးတယ် ကလေးကလေ၊ သူ့မိသားစုဝင်တွေပေါ့၊ ဒဏ်ရာရသွားတာ ” လို့ ကေအဲန်ယူသထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးကျော်မြင့်က ပြောပါတယ်။
ဘီးလင်းမြို့နယ်အခြေစိုက် အမြှောက်တပ် (၃၁၄)က ဇွန်လ ၁ ရက်၊ ည ၁၀ နာရီခန့်မှာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာမှာ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာရှိ စာသင်ကျောင်းအနီးက နေအိမ်အပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက်သုံးနှစ်အရွယ် စောတင်ထွန်းအောင်၊ အသက်ရှစ်နှစ်အရွယ် စောကော်ခုထူး၊ အသက် ၃၂ နှစ်အရွယ် နော်ဃီး၊ အသက် ၅၄ နှစ်အရွယ် နော်အဲ တို့ ဖြစ်ကြပြီး အဲဒီအထဲက နော်အဲ ဟာ ဦးခေါင်းမှာ လက်နက်ကြီးကျည်စ ထိမှန်ခဲ့လို့ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေအိမ်တလုံးလည်း လက်နက်ကြီး ထိမှန်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ သထုံခရိုင် အတွင်းက စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်းတွေ၊ အမြှောက်တပ်တွေက ကေအဲန်ယူ ထိန်းချုပ်ရာနယ်မြေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားရာ ကျေးရွာတွေဘက်ကို နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာဖြစ်ပါတယ်။
အဆိုပါ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက်မပြည့်သေးတဲ့က လေးငယ်တွေ၊ လူကြီးတွေကအစ ထိခိုက်သေဆုံးတာတွေ ရှိနေသလို တချို့ဆို ခြေလက်ဖြတ်တောက်လိုက်ရတဲ့သူတွေ ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒီလိုမျိုး လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာသားတွေက ဥယျာဉ်ခြံမြေထဲကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ ခက်ခဲနေသလို တချို့ဆို နေအိမ်စွန့်ခွာကာ ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – KNU