ယူကရိန်းရဲ့ အဖွဲ့ဝင် လျှောက်ထားမှုအတွက် တိတိကျကျ ဆုံးဖြတ်ပေးဖို့ NATOကို ဇီလန်စကီး တောင်းဆို

ဇွန်၊ ၂

ယူကရိန်းရဲ့ အဖွဲ့ဝင်ဖြစ်ခွင့် လျှောက်ထားမှုနဲ့ ပတ်သက်လို့ အမြန်ဆုံး တိတိကျကျ ဆုံးဖြတ်ပေးကြဖို့ NATO မဟာမိတ် နိုင်ငံတွေကို သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက တောင်းဆိုလိုက်ပါတယ်။

မော်လ်ဒိုဗာ နိုင်ငံမှာ ဥရောပ နိုင်ငံ ခေါင်းဆောင်တွေရဲ့ အစည်းအဝေး တခုကို အခုသီတင်းပတ်ထဲမှာ ကိုယ်တိုင် ပါဝင် တက်ရောက်ခဲ့တဲ့ ဇီလန်စကီးက ယူကရိန်း နိုင်ငံဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ထိထိရောက်ရောက် တွန်းလှန်နိုင်ဖို့အတွက် အနောက်မဟာမိတ် နိုင်ငံတွေဆီက အကူအညီတွေကို ပိုမို မျှော်လင့်နေကြောင်း ပြောကြားခဲ့ပါတယ်။

နောက်ပြီး ယူကရိန်း အနေနဲ့ NATO အဖွဲ့ဝင် ဖြစ်ခွင့်ရဖို့ လျှောက်ထားတဲ့ ကိစ္စအပေါ် အဖွဲ့ဝင် နိုင်ငံတွေက ရှင်းလင်းပြတ်သားတဲ့ ဆုံးဖြတ်ချက် တခု ချမှတ်ပေးစေချင်တယ်လို့လည်း သူက ဆိုပါတယ်။

ဇီလန်စကီးက အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ ယူကရိန်းဆီ ထောက်ပံ့မယ့် ကိစ္စကို အရှိန်မြှင့်ပေးဖို့နဲ့ Patriot လိုမျိုး လေကြောင်းကာကွယ်ရေး စနစ်တွေ ပိုမို ပေးပို့ကြဖို့လည်း မေတ္တာရပ်ခံခဲ့ပါတယ်။

ယူကရိန်းအတွက် စစ်လက်နက်တွေ ပိုမိုထောက်ပံ့နိုင်ရေးအတွက် အနောက်ဥရောပ နိုင်ငံတွေက အင်အားစု တခုအဖြစ် စုဖွဲ့ကြဖို့ ပြင်ဆင်နေတာကို သူကြားသိမိကြောင်း၊ တကယ်လို့သာ အမေရိကန်ကပါ နက်နက်ရှိုင်းရှိုင်း ဆက်လက် ကူညီနေမယ်ဆိုရင် အဲဒီ အစီအစဉ်က ပိုပြီး အရှိန်ရလာမယ်လို့ ယုံကြည်ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

ပြီးခဲ့တဲ့လမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဥရောပ နိုင်ငံတွေဆီ ရောင်းချထားတဲ့ F-16 တိုက်လေယာဉ်တွေကို ယူကရိန်းဆီ လွှဲပြောင်းပေးမယ့် ကိစ္စအပေါ် ကြားဝင် တားမြစ်မှာ မဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် ကိုယ်တိုင်ကတော့ ယူကရိန်းဆီ F-16တွေ ပို့ဆောင်ပေးဦးမှာ မဟုတ်ပါဘူး။

ဇီလန်စကီးကတော့ F-16တွေလိုမျိုး အနောက်နိုင်ငံလုပ် ခေတ်မီ တိုက်လေယာဉ်တွေ မပိုင်ဆိုင်နိုင်သေးသ၍ ယူကရိန်းဟာ လေကြောင်းစိုးမိုးမှု ကဏ္ဍမှာ ရုရှားရဲ့ အနိုင်ကျင့်မှုကို ဆက်ပြီး ခံနေရဦးမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ယူကရိန်း အနေနဲ့ ဇူလိုင်လ၊ NATO ထိပ်သီး ညီလာခံ မတိုင်ခင်မှာ လုံခြုံရေး အာမခံချက် အစီအမံတွေကို ပြတ်ပြတ်သားသား ချပြမှသာ အဖွဲ့ဝင် ဖြစ်ခွင့်အတွက် အခြေအနေ ကောင်းနိုင်မယ်လို့ ထောက်ပြခဲ့ပါတယ်။ ပြီးတော့ သူက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျာမနီ အစိုးရနဲ့ အနီးကပ် ညှိနှိုင်း တိုင်ပင်နေတယ်လို့လည်း ပြောကြားသွားပါတယ်။

 

Ref: Guardian