ကင်ဂျုံအန်းရဲ့ ကိုယ်အလေးချိန် ပေါင်သုံးရာကျော်ရှိမယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေး ခန့်မှန်း

ဇွန်၊ ၂

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ကိုယ်အလေးချိန်ဟာ ပေါင် ၃၀၀ ကျော်လောက်ထိ ရှိနေနိုင်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးတွေက ခန့်မှန်းခဲ့ပါတယ်။

နောက်ပြီးတော့ ကင်ဟာ အိပ်မပျော်တဲ့ ရောဂါတခုခု စွဲကပ်နေတယ်လို့ ယုံကြည်ရကြောင်းလည်း တောင်ကိုရီးယားလွှတ်တော်၊ ထောက်လှမ်းရေး ကော်မတီ အဖွဲ့ဝင် တဦးဖြစ်တဲ့ ယွန်ဆန်ဘွမ်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မေလ ၁၆ ရက်က လူမြင်ကွင်းရှေ့ ထွက်ပေါ်လာတဲ့ ဓာတ်ပုံကို ဉာဏ်ရည်တု (AI) နည်းပညာတွေ အသုံးပြုပြီး သရုပ်ခွဲ ဆန်းစစ်ကြည့်တဲ့နောက် ကင်ရဲ့ ကိုယ်အလေးချိန်ဟာ ၁၄၀ ကီလိုဂရမ် (၃၀၈)ပေါင်ထက်မနည်း ရှိနေမယ်လို့ ခန့်မှန်းရကြောင်း၊ ပြီးတော့ သူ့ရဲ့ မျက်တွင်းကျနေတဲ့ အခြေအနေတွေက ကာလအတော်ကြာ အအိပ်ပျက်ထားတဲ့ လက္ခဏာတွေ ဖြစ်နေကြောင်း ယွန်က ဆိုပါတယ်။

ယွန်က တောင်ကိုရီးယား ထောက်လှမ်းရေး အနေနဲ့ ဘယ်လို AI Softwareကို အသုံးပြုပြီး အခုကောက်ချက်မျိုး ချခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ ထုတ်မပြောပါဘူး။ ဒါပေမဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ဟာ အအိပ်မမှန်တဲ့ ပြဿနာကို အချိန်အတော်ကြာ ခံစားထားရပြီး ဖြစ်တယ်လို့ လေးလေးနက်နက် ယူဆရကြောင်း သူက ဆက်ပြောပါတယ်။

ကင်ဟာ မြောက်ကိုရီးယား နိုင်ငံခေါင်းဆောင် ဖြစ်လာချိန် ကတည်းက သူ့ရဲ့ အရမ်းဝတဲ့ ကိုယ်ခန္ဓာ အချိုးအစားအပေါ် အတော်လေး အာရုံစိုက် ခံခဲ့ရပါတယ်။ နောက်ပြီး ကိုယ်အလေးချိန် များမှုနဲ့ ဆက်စပ်တဲ့ ကျန်းမာရေးဆိုင်ရာ ထင်ကြေး အမျိုးမျိုးနဲ့လည်း ကြုံတွေ့ခဲ့ပါသေးတယ်။

မကြာသေးခင် နှစ်ပိုင်းတွေမှာ ကင်က ဝိတ်လျှော့လိုက်ပေမယ့် လက်ရှိ အသက် ၃၉ နှစ်ဝန်းကျင် အရွယ်မှာတော့ သိသိသာသာ ပြန်ဝလာတာကို တွေ့ရပါတယ်။

ကင်ဟာ ကင်နန်းဆက်လို့ တင်စားခံရတဲ့ မြောက်ကိုရီးယားရဲ့ အာဏာရှင် မိသားစုမှာ တတိယ မျိုးဆက် ခေါင်းဆောင်ဖြစ်ပြီး သူ့ဖခင် ကင်ဂျုံအီကတော့ ၂၀၁၁ ခုနှစ်တုန်းက နှလုံး ရုတ်တရက်ဖောက်ပြီး ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။

 

Ref: Sky