ဇွန်၊ ၁
နာမည်ကြီး ကစားသမားတွေ ပိုမို ခေါ်ယူဖို့ ဆော်ဒီအာရေးဘီးယား ပရိုလိဂ် ပြိုင်ပွဲဝင် ဘောလုံးကလပ်တွေကို ခရစ္စတီယာနို ရော်နယ်လ်ဒိုက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
တကယ်လို့ သူ့လိုမျိုး နာမည်ကျော် ဘောလုံးသမားတွေ ပိုမို အခြေချလာအောင် ဆွဲဆောင်နိုင်ခဲ့မယ်ဆိုရင် ဆော်ဒီ ပရိုလိဂ်ဟာ ကမ္ဘာ့ထိပ်တန်း လိဂ်ပြိုင်ပွဲ ၅ ခုထဲမှာတောင် ပါဝင်လာနိုင်တယ်လို့ ပေါ်တူဂီ တိုက်စစ်မှူးက ပြောပါတယ်။
လတ်တလောမှာတော့ ဆော်ဒီ ကလပ်အသင်း တချို့ဟာ လီယွန်နယ်မက်ဆီ၊ ကာရင် ဘန်ဇီးမားနဲ့ လူကာမိုဒရစ်တို့လို ရွှေအိုရောင် ကြယ်ပွင့်တွေကို ချိတ်ဆက်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အယ်လ်နက်ဆာ အသင်းနဲ့ စာချုပ်ထားတဲ့ အသက် ၃၈ နှစ်အရွယ် ရော်နယ်လ်ဒိုက သူ့ရဲ့ ပြိုင်ဘက်ဟောင်းနဲ့ အသင်းဖော်ဟောင်းတွေကို ဆော်ဒီမှာ ပြန်ဆုံခွင့် ရမယ်ဆိုရင် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသွားမယ်လို့ ပြောပါတယ်။
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Orကို ၅ ကြိမ် ရရှိဖူးတဲ့ ရော်နယ်လ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ် ဖျက်သိမ်းခဲ့တဲ့နောက် ဒီဇင်ဘာလမှာ အယ်လ်နက်ဆာ အသင်းဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ သူဟာ အယ်လ်နက်ဆာနဲ့ ၂၀၂၅ ခုနှစ်ထိ စာချုပ်ထားပြီး ကမ္ဘာပေါ်မှာ ဝင်ငွေ အကောင်းဆုံး အားကစားသမား အနေနဲ့ ရပ်တည်လာနိုင်ခဲ့ပါတယ်။
ဆော်ဒီ ပရိုလိဂ်မှာ ထိပ်တန်း နာမည်ကြီး ကစားသမားတွေ၊ ငယ်တာပဲဖြစ်ဖြစ်၊ အသက်ကြီးတာပဲဖြစ်ဖြစ် ရောက်လာမယ်ဆိုရင် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာဖြစ်ကြောင်း၊ ဒီလို ကစားသမားမျိုးတွေ ရှိနေတဲ့အခါ ပြိုင်ပွဲရဲ့ အဆင့်အတန်းလည်း တိုးတက်လာမှာဖြစ်ကြောင်း ပြိုင်ပွဲရဲ့ တရားဝင် မီဒီယာနဲ့ အင်တာဗျူးမှာ ရော်နယ်လ်ဒိုက ပြောပါတယ်။
ဆော်ဒီ ပရိုလိဂ်က တကယ့်ကို အရည်အသွေး ကောင်းမွန်ကြောင်း၊ ဒါပေမဲ့ ပိုတိုးတက်လာမယ့် အခွင့်အရေးတွေ အများကြီး ရှိနေသေးကြောင်း၊ ပြိုင်ပွဲမှာ အကောင်းဆုံး အသင်းတွေနဲ့ အကောင်းဆုံး အာရပ် ကစားသမားတွေ ရှိနေပေမယ့် အခြေခံ အဆောက်အအုံပိုင်းမှာတော့ ဒီထက်ပို ဖြည့်တင်းသင့်တယ်လို့ သူယူဆကြောင်း၊ ဒိုင်လူကြီးတွေ၊ VAR ဒိုင်အထောက်အပံ့ စနစ်တွေက ပိုပြီး အရည်အသွေး မြင့်လာစေချင်ကြောင်းလည်း ရော်နယ်လ်ဒိုက အကြံပြုသွားပါတယ်။
ရော်နယ်လ်ဒိုဟာ အယ်လ်နက်ဆာ ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာ ၁၆ ပွဲ ကစားပြီး ၁၄ ဂိုး သွင်းနိုင်ခဲ့ပြီး အသင်းက ဒုတိယ နေရာနဲ့ ရာသီသိမ်းခဲ့ပါတယ်။ အယ်လ်နက်ဆာမှာ ပြုပြင် မွမ်းမံရမယ့် အစိတ်အပိုင်း သေးသေးလေးတချို့ ရှိနေသေးကြောင်း၊ သူက အသင်းမှာ ပျော်နေသလို အကြာကြီးလည်း ဆက်ကစားချင်ကြောင်း၊ တကယ်လို့ ကစားသမားကောင်းတွေ တဖွဲဖွဲ ထပ်ရောက်လာမယ်ဆိုရင် ဆော်ဒီ ပရိုလိဂ်ဟာ ၅ နှစ်အတွင်း ကမ္ဘာ့ထိပ်တန်း အမှတ်ပေးပြိုင်ပွဲ ၅ ခုမှာ ပါဝင်လာမယ်လို့ ယုံကြည်ကြောင်းလည်း ရော်နယ်လ်ဒိုက ပြောကြားသွားပါတယ်။
Ref: BBC