အသင်းကနေ မက်ဆီ ထွက်ခွာတော့မယ်လို့ ပီအက်စ်ဂျီ မန်နေဂျာ အတည်ပြု

ဇွန်၊ ၁

လီယွန်နယ် မက်ဆီဟာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ ပီအက်စ်ဂျီ အသင်းရဲ့ မန်နေဂျာ ခရစ္စတို့ဖ် ဂယ်လ်တီရာက အတည်ပြု ပြောကြားသွားပါတယ်။

နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတာနဲ့ အသက် ၃၅ နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးဟာ ပြင်သစ် လီဂူးဝမ်း ချန်ပီယံ အသင်းကို စွန့်ခွာမှာ ဖြစ်တယ်လို့ ဂယ်လ်တီရာက ပြောပါတယ်။ မက်ဆီဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတုန်းက ဘာစီလိုနာ အသင်းကို စွန့်ခွာပြီး ပါရီမြို့တော် အခြေစိုက် ကလပ်အသင်းဆီ အလွတ် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့သမိုင်းမှာ အကောင်းဆုံး ကစားသမား တဦးကို ကိုင်တွယ် နည်းပြခွင့် ရခဲ့တဲ့ အတွက်တော့ သူဟာ အမြဲတမ်း ဂုဏ်ယူနေမိမှာ သေချာတယ်လို့ ဂယ်လ်တီရာက ဆိုပါတယ်။ အခု သီတင်းပတ်ကုန်မှာ ကလာမောင့် အသင်းနဲ့ ယှဉ်ပြိုင်ခြင်းက ပီအက်စ်ဂျီအတွက် မက်ဆီရဲ့ နောက်ဆုံး ကိုယ်စားပြု ပွဲစဉ် ဖြစ်လာမယ်လို့လည်း သူက အတည်ပြုသွားပါတယ်။

မက်ဆီရဲ့ နောက်ဆုံးပွဲစဉ်မှာ ပရိသတ်တွေဆီက အနွေးထွေးဆုံး တုံ့ပြန်မှုမျိုးတွေ ရရှိလိမ့်မယ်လို့ သူမျှော်လင့်ကြောင်းလည်း ဂယ်လ်တီရာက ပြောကြားသွားပါတယ်။

မက်ဆီရဲ့ ပီအက်စ်ဂျီ ကစားသမားဘဝ နောက်ဆုံး လပိုင်းတွေမှာ ပရိသတ်တွေရဲ့ ပစ်မှတ်ထား လှောင်ပြောင်မှုကို ခံခဲ့ရသလို အသင်း တာဝန်ရှိသူတွေနဲ့ ဆက်ဆံရေး အက်ကြောင်းတချို့ ထင်လာခဲ့ပါတယ်။ ဆိုးသွမ်း ပရိသတ် တချို့ရဲ့ အစွန်းရောက် ရန်လိုမှုတွေကြောင့် ပီအက်စ်ဂျီ အသင်းဟာ မက်ဆီအပြင် တိုက်စစ်မှူး နေမာ၊ ကွင်းလယ်လူ မာကို ဗာရက်တီတို့ရဲ့ နေအိမ်တွေမှာပါ လုံခြုံရေး အစီအမံတွေ တိုးမြှင့်ပေးခဲ့ရပါတယ်။

နောက်တော့ လော်ရီယန့်ကို အရေးနိမ့်တဲ့ ပွဲစဉ်အပြီး မက်ဆီဟာ အသင်းက ခွင့်မပြုဘဲနဲ့ ဆော်ဒီအာရေးဘီးယား နိုင်ငံကို အလည်သွားခဲ့တာကြောင့် အသင်းက သူ့ကို နှစ်ပတ် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ မက်ဆီက ဒီကိစ္စနဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ အသင်းဖော်တွေကို ပြန်တောင်းပန်ခဲ့ပါတယ်။

မက်ဆီရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ တိတိကျကျ မသိရသေးဘဲ အရှေ့အလယ်ပိုင်း ကလပ်အသင်း တခုခုဆီ ပြောင်းရွှေ့မယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အတွင်းလူ တချို့ရဲ့ အဆိုအရ မက်ဆီဟာ လူငယ် ကစားသမား ဘဝကစလို့ ၂၁ နှစ်ကြာ ဖြတ်သန်း နေထိုင်ခဲ့ဖူးတဲ့ စပိန်ကလပ် ဘာစီလိုနာဆီကိုတော့ ပြန်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

 

Ref: BBC