ဝက်လက်က စစ်ရှောင် ရှစ်ထောင်ကျော် အစားအသောက်နဲ့ ဆေးဝါးအကူညီလိုအပ်

ဇွန်၊ ၁
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ကျေးရွာတွေက ဒေသခံရှစ်ထောင်ကျော် စစ်ရှောင်နေရပြီး အစားအသောက်နဲ့ ဆေးဝါးအကူညီတွေ လိုအပ်နေတယ်လို့ ရွှေဘိုမြို့နယ် လွပ်လပ်သောထောက်ပို့အဖွဲ့ က တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
 
“ ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးဘူး။ စစ်ကြောင်းက အခုထိမထွက်သေးဘူး။ ဝက်လက်စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ အကူအညီတွေ လိုအပ်နေတယ်။ စားသောက်ကုန်တွေ ဆေးဝါးတွေ လိုအပ်နေတယ် “ လို့ အဲ့ဒီတာဝန်ရှိက ဆိုပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ ရွှေဘိုမြို့နယ်ကို မေလ၂၄ ရက်ကနေစတင်ပြီး လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်တာ၊ စစ်ကြောင်းထိုးမီးရှို့တာတွေကြောင့် ဒေသခံတွေဟာ ဘုန်းတော်ကြီးကျောင်းတွေ၊ နီးစပ်ရာကျေးရွာတွေ၊ တောထဲတွေမှာ စစ်ရှောင်နေရတာပါ။
 
အဲဒါကြောင့် ဝက်လက်မြို့နယ်က တမာကုန်းရွာ၊ ပေါက်ကုန်းရွာ၊ ကြက်တူရွေးရွာ၊ မြစ်ကန်းကြီးရွာ၊ သဲအင်းရွာ၊ ကျွန်းတော်ရွာ၊ ကျွန်းကြီးရွာ၊ ဝက်ပေါင်ရွာ စတဲ့ ကျေးရွာရှစ်ရွာ အပါအဝင် အနီးနားက ကျေးရွာတွေက ဒေသခံတွေဟာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
 
” မီးရှို့ စစ်ကြောင်းထိုး လေယာဉ်နဲ့ ဗုံးကြဲတော့ ပြည်သူတွေက ကျွန်တော်တို့ဘက် ရောက်လာတာ။ စစ်ကောင်စီက နေ့တိုင်းမီးရှို့တာ။ ဘာမှမပါဘဲ ပြေးလာရတော့ စားစရာတွေလိုတယ်။ ဆေးကုနေရတဲ့ သက်ကြီးဘိုးဘွားနဲ့ ကိုယ်ဝန်ဆောင်သည်တွေ၊ ကလေးတွေပါတယ်။ ကျွန်တော်တို့ဘက်မှာ ဆေးရုံဆေးခန်းမရှိတော့ ဆေးဝါးအကူညီလိုနေတယ်။ အသက်ကြီးတယောက်ဆိုရင် အစားမစားနိုင်ဘူး ပက်လက်လဲနေတယ်။ လှည်းပေါ်ကပြုတ်ကျတဲ့တယောက်ဆို သွားတွေပါ ကျိုးကုန်တယ် ” လို့ ဗိုလ်ကျားကြီးအဖွဲ့က ဒုတာဝန်ခံ ကိုထက်အောင်က ပြောပါတယ်။
 
အမျိူးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့မှုပြုလုပ်တဲ့အခါမှာ စစ်ဘေးရှောင်ပြည်သူတွေရဲ့လက်ထဲကို ထောက်ပံ့မှုရာနှုန်းပြည့် ရရှိဖို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့အကူအညီတွေပါ ရယူစေချင်တယ်လို့လည်း သူက ထပ်ပြောပါတယ်။
 
“ လက်ရှိမှာ စစ်ရှောင်ပြည်သူတွေကို ဘုန်းတော်ကြီးကျောင်းတွေ၊ ကာကွယ်ရေးတပ်တွေ၊ အဖွဲ့စည်းတွေနဲ့ ရပ်နီးဝန်းကျင်ကလူတွေက စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေရပြီး ဆေးဝါးကုသမှုကိုတော့ အရပ်ဆေးဆရာနဲ့ ကုသမှုခံယူနေရတယ် ” လို့ ကိုထက်အောင်က ပြောပါတယ်။ 
ဓာတ်ပုံ – ဝက်လက်သပိတ်ကော်မတီ