အဆိုတော်လီလီနိုင်ကျော် တပ်မတော်ဆေးရုံမှာ အရေးပေါ်ဆေးကုသမှုခံယူနေတယ်လို့ စစ်ကောင်စီထုတ်ပြန်လာ

ဇွန်၊ ၁
 
ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မြို့နယ်မှာ သေနတ်နဲ့ပစ်ခတ်ခံရတဲ့ အဆိုတော်လီလီနိုင်ကျော်ဟာ တပ်မတော်ဆေးရုံမှာအရေးပေါ်ကုသမှုခံယူနေတယ်လို့ စစ်ကောင်စီက မနေ့မေ ၃၁ ရက်ပိုင်းသတင်းထုတ်ပြန်လာပါတယ်။
 
အဆိုတော်လီလီနိုင်ကျော်ဟာ မေလ ၃၀ ရက်ညပိုင်းက သင်္ဃန်းကျွန်းမြို့နယ်က နေအိမ်ကို ပြန်လာချိန်မှာ နေအိမ်အနီးမှာပဲ သူ့ကားပေါ်မှာပဲ ပစ်ခတ်ခံလိုက်ရတာဖြစ်ပြီး သေဆုံးတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
 
ဒါပေမယ့် စစ်ကောင်စီကတော့ မင်္ဂလာဒုံစစ်ဆေးရုံမှာအရေးပေါ်ဆေးကုသမှုခံနေရတယ်လို့ သတင်းထုတ်ပြန်လာတဲ့အတွက် သေဆုံးမှုနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
 
အဆိုတော်လီလီနိုင်ကျော်ဟာဆိုရင် စစ်တပ်က ပြုလုပ်တဲ့ ထောက်ခံပွဲတွေနဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားတဲ့ ပွဲတွေမှာ ထင်ထင်ပေါ်ပေါ် ပါဝင်ခဲ့သူတဦးအဖြစ်လည်း နာမည်ကြီးသူဖြစ်ပါတယ်။
 
အဆိုတော်လီလီနိုင်ကျော် ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီကတော့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ စွပ်စွဲထုတ်ပြန်ထားပြီး ပစ်ခတ်မှုနဲ့ပတ်သက်လို့တော့ ဘယ်အဖွဲ့အစည်းကမှ သီးခြားထုတ်ပြန်တာမရှိပါဘူး။
 
ပြီးခဲ့တဲ့မေလ ၂၆ ရက်နေ့မှာလည်း အမျိုးသားရေးတက်ကြွလှုပ်ရှားသူအဖြစ် နာမည်ကြီးတဲ့ ဦးတင့်လွင်ဟာလည်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။ 
ဓာတ်ပုံ – Social Media