ယူရိုပါလိဂ်ဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်ထိန်းသွားတဲ့ ဆဗီးလား

ဇွန်၊ ၁

ယူရိုပါလိဂ် ဘုရင်လို့တောင် တင်စားခံရတဲ့ စပိန်ကလပ် ဆဗီးလား အသင်းဟာ ရိုးမားကို အနိုင်ယူပြီး သတ္တမမြောက် ယူရိုပါလိဂ် ဆုဖလားကို ဆွတ်ခူးသွားခဲ့ပြီ ဖြစ်ပါတယ်။

ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့က ပွတ်စ်ကက်စ် ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ မိနစ် ၁၂၀ ပြည့်တဲ့ထိ ၁ ဂိုးစီ သရေကျနေခဲ့တဲ့နောက် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ အီတလီကလပ်ကို ဆဗီးလားက ၄-၁ နဲ့ အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။

အမှတ်တရ ဖြစ်ရပ် တခုကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်မှာ ပြင်သစ်ဖက်ကို အဆုံးအဖြတ် ပင်နယ်တီဂိုး ကန်သွင်းခဲ့တဲ့ အာဂျင်တီးနားသား ဂွန်ဇာလို မွန်တီရယ်က အခုပွဲမှာလည်း ဆဗီးလားအတွက် အနိုင်သေချာစေမယ့် ပင်နယ်တီကို ကန်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။

ဆဗီးလားဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ယူရိုပါလိဂ် ဗိုလ်လုပွဲကို ၇ ကြိမ် တက်ရောက်ဖူးပြီး အကြိမ်တိုင်း ဗိုလ်စွဲခဲ့ပါတယ်။

တဖက်မှာတော့ ရိုးမားအသင်းရဲ့ မန်နေဂျာ ပေါ်တူဂီသား ဟိုဆေး မော်ရင်ဟိုဟာ ဥရောပအဆင့် ဗိုလ်လုပွဲတွေကို ၅ ကြိမ် ကိုင်တွယ်ဖူးပြီး ၅ ကြိမ်စလုံး အနိုင်ရခဲ့ဖူးပေမယ့် ဒီတချီမှာတော့ ဆဗီးလားကို မကျော်နိုင်ခဲ့ဘဲ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။

နောက်ပြီး ရိုးမားဟာ ဥရောပ ပြိုင်ပွဲတွေမှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူတိုင်း ကံဆိုးလေ့ ရှိတယ်လို့ ယေဘုယျ ယူဆနိုင်ပါတယ်။ ရောမမြို့တော် အခြေစိုက် အသင်းဟာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရတဲ့ နောက်ဆုံး ဥရောပပွဲစဉ် ၄ ခုမှာ ၁ ကြိမ်သာ အနိုင်ရခဲ့ပါတယ်။ ရိုးမားနဲ့ ဆန့်ကျင်စွာပဲ ဆဗီးလား အသင်းသားတွေကတော့ အခု ပွဲစဉ်မှာ ကန်ရတဲ့ ပင်နယ်တီ ၄ ကြိမ်စလုံးကို အမှားအယွင်းမရှိ တည်တည်ငြိမ်ငြိမ် ကန်သွင်းပြီး ချန်ပီယံ ဆုဖလားကြီးကို သိမ်းပိုက်သွားခဲ့တာ ဖြစ်ပါတယ်။

 

Ref: BBC