မုန်တိုင်းသင့် ရခိုင်မှာ စာသင်ကျောင်းအများစုမပြင်ရသေးလို့ ကျောင်းဖွင့်ဖို့အခက်တွေ့နေ

ဇွန်၊ ၁
 
မိုခါမုန်တိုင်းကြောင့် စာသင်ကျောင်းပေါင်း ထောင်ချီပျက်စီးခဲ့တဲ့ ရခိုင်က အခြေခံပညာကျောင်းအများစု မပြင်ဆင်နိုင်သေးတာကြောင့် ကျောင်းဖွင့်ဖို့ အခက်အခဲရှိနေတယ်လို့ ဒေသခံတွေနဲ့ ပညာရေးဝန်ထမ်းတွေက ပြောကြပါတယ်။
 
“ အတင်းဖွင့်ခိုင်းနေတယ်လေ၊ ဘယ်လိုဖွင့်ရမလဲ၊ ကျောင်းတခုလုံး ဘာမှ မကျန်ခဲ့တာကို၊ ပြန်လုပ်ပေးတာလည်း မရှိသေးဘူး၊ ကျောင်းတွေ ဘာမှမလုပ်ရသေးဘူး၊ မြို့ပေါ်မှာလောက်ပဲ လုပ်နေသေးတာ၊ နယ်ကကျောင်းတွေဆိုရင် ဘာမှတောင် မလုပ်ရသေးဘူး၊ ကျွန်တော်တို့ကျောင်းဆို ဒီအတိုင်း ဟင်းလင်းပြင်ကြီး ” လို့ ရသေ့တောင်မြို့နယ်က မူလတန်းကျောင်းအုပ်တဦးက DNA ကို ပြောပါတယ်။
 
ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဦးတည်ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် စာသင်ကျောင်းဆောင်ပေါင်း (၂၀၀၀) ကျော် ပျက်စီးသွားခဲ့ပြီး အဲဒီကျောင်းဆောင်တွေကို ကျောင်းဖွင့်ရက် ဇွန်လ ၁ ရက်နေ့အမှီ ပြန်ဆောက်ပေးမယ်လို့ ပြည်နယ်စစ်ကောင်စီက ပြောထားတာပါ။
 
ဒါပေမယ့် လက်တွေ့မှာ ကျောင်းအများစု ပြင်ဆင်မှုတွေတောင် မစတင်နိုင်သေးတာလို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။
 
“ ကျောင်းအပ်လက်ခံဖို့တုန်းကလည်း အတင်းလက်ခံခိုင်းတယ်၊ ဟိုအိမ်အောက်၊ ဒီအိမ်အောက်ဝင်ပြီး လက်ခံပေးခဲ့ရတယ်၊ အခု ကျောင်းဖွင့်ခိုင်းတယ်၊ ဘယ်လိုဖွင့်ရမလဲ၊ ဆရာ၊ ဆရာမတွေကရော ဘယ်မှာ နေကြမလဲ၊ ရွာက လူတွေတောင် အိမ်တွေပျက်သွားလို့ နေစရာမရှိကြတာ ” လို့ ရသေ့တောင်မြို့နယ်က နောက်ထပ်ဆရာတဦးကလည်း ပြောပါတယ်။
 
ရသေ့တောင်မြို့နယ်အပြင် မုန်တိုင်းသင့်မြို့နယ်တွေဖြစ်တဲ့ ဘူးသီးတောင်၊ ပေါက်တော၊ စစ်တွေ၊ ပုဏ္ဏာကျွန်း၊ မြောက်ဦး စတဲ့မြို့နယ် တွေမှာလည်း နယ်ကျေးရွာတွေက စာသင်ကျောင်းတွေကို ပြန်လည် ပြင်ဆင်၊ တည်ဆောက်ပေးတာတွေ မတွေ့ရသေးဘူးလို့ ဆိုကြပါတယ်။
 
ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့တဲ့ ကျောင်းဆောင်တွေကို စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ပူးပေါင်းတည်ဆောက်ပေးတာဖြစ်တယ်လို့ စစ်ကောင်စီ ပြည်နယ်ပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။
 
ဒါပေမယ့် လက်ရှိအချိန်အထိ ကျောင်းအရေအတွက် ဘယ်လောက်ကို ပြန်လည်ပြင်ဆင်ပြီးပြီဆိုတဲ့ အသေးစိတ်တွေကိုတော့ သူ့အနေနဲ့ မသိရဘူးလို့ ဆိုပါတယ်။
 
“ သူတို့ ကုမ္ပဏီနဲ့ လုပ်တယ်လို့ ပြောတယ်၊ ကျွန်တော်တို့ဘက်တွေကိုတော့ ဘာမှမရောက်သေးဘူး၊ ကျောင်းတော့ ဖွင့်ခိုင်းနေပြီ၊ ဖွင့်စရာ နေရာလည်း မရှိသေးဘူး ” လို့ ပေါက်တောမြို့နယ်က ကျောင်းဆရာတဦးက ပြောပါတယ်။
 
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းသူ၊ ကျောင်းသားပေါင်း ငါးသိန်းကျော်ရှိတဲ့အထဲက သုံးသိန်းကျော်ကို ကျောင်းအပ်လက်ခံပြီးဖြစ်ကာ နောက်ထပ်ကျောင်းသားတွေကိုလည်း ထပ်မံလက်ခံကာ ကျောင်းဖွင့်သွားမယ်လို့ ဦးလှသိန်းက ပြောပါတယ်။
 
“ ကျောင်းမဖွင့်နိုင်သေးဘူး၊ ကျောင်းသားတွေ ကျောင်းအပ်လို့ မရသေးဘူးဆိုတဲ့ ကျောင်းတော့ မရှိဘူးလို့ သဘောပေါက်တယ် ” လို့ သူကဆိုပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနဟာ အခုပညာသင်နှစ်အတွက် မေလ ၂၃ ရက်ကနေ မေလ ၃၁ ရက်အထိကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ခဲ့ပြီး ဒီကနေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းတွေ စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။