ကျောက်ထုမှာ စစ်ကောင်စီတပ်က မီးရှို့လို့ လေဖြတ်နေတဲ့ အရပ်သားတဦး မီးလောင်သေဆုံး

မေ၊ ၃၁
 
မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲ၊ ရင့်ရဲ ကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ဒီကနေ့ မေ ၃၁ ရက်၊ ညနေ ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က မီးလာရှို့သွားလို့ လေဖြတ်နေတဲ့ အရပ်သားတဦး မီးလောင်သေဆုံးတယ်လို့ သိရပါတယ်။
 
” ယနေ့လောင်တဲ့မီးကြောင့် လေဖြတ်နေတဲ့ လူနာတဦးဖြစ်တဲ့ ယောက်ျားသားတဦး မီးလောင်သေဆုံးသွားတယ်လို့ သိရပါတယ် ” လို့ ဒေသတွင်းသတင်းတွေဖော်ပြပေးနေတဲ့ ယောအလင်းတန်း အွန်လိုင်းစာမျက်နှာက ဖော်ပြထားပါတယ်။
 
မီးလောင်တာကြောင့် သေဆုံးသူရဲ့အမည်၊ အသက်နဲ့ မိသားစုအခြေအနေကိုတော့ မသိရသေးပါဘူး။
 
ဒီကနေ့ ညနေ သုံးနာရီဝန်းကျင်မှာ ကျောက်ထုမြို့ပေါ်ရှိ စစ်ကောင်စီတပ်က စစ်ကောင်စီအဖွဲ့ဝင် သုံးဆယ်ဝန်းကျင်ဟာ ကျောက်ထုမြို့နဲ့ လေးမိုင်လောက်အကွာက ရင့်ရဲကျေးရွာကို လာရောက်ပြီး ညနေ လေးနာရီဝန်းကျင်မှာ မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၇ လုံး မီးလောင်တယ်လို့လည်း သိရပါတယ်။
 
” ကျောက်ထုကနေ အင်အားသုံးဆယ်လောက်နဲ့ လာပြီး သက်သက်ကြီးကို ရှို့သွားတာ။ အဓိကကတော့ ဒလန်သတင်းပေးတာ။ PDF အိမ်တွေကို ရွေးရှို့တာလို့ ပြောတယ်။ ဒါပေမယ့် ဘယ်ရမလဲ။ လေကတိုက်နေတာ တခြားအိမ်တွေလည်း လောင်မှာ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ရင့်ရဲကျေးရွာကဒေသခံ အရပ်သားတွေဟာ စစ်ကောင်စီတပ်ရဲ့ အန္တရာယ်ကြောင့် တောထဲနဲ့ အခြားကျေးရွာဘက်တွေမှာ နေထိုင်ကြတာ တနှစ်ဝန်းကျင်ရှိပြီဖြစ်ပြီး ရွာကို နေ့ခင်းပိုင်း ပြန်လာတာမျိုးသာ လုပ်ကြတယ်လို့ သိရပါတယ်။
 
ခုချိန်ဟာ ကြက်သွန်တွေ နုတ်ပြီးစအချိန်ဖြစ်တဲ့အတွက် ရွာကအိမ်တွေမှာ ထားတဲ့ ကြက်သွန်တွေလည်း မီးထဲပါသွားနိုင်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
 
” ရွာမှာလူတွေက မနေကြဘူး။ တောထဲတွေမှာ နေပြီး ရွာကို ခဏပြန်ကြတာမျိုးပဲ ရှိတာ။ ခုမီးလောင်သေဆုံးတဲ့ လေဖြတ်လူနာလည်း နေမကောင်းတော့ အိမ်မှာပဲ နေချင်တာရော၊ လူနာဆိုတော့ လုပ်မယ်မထင်တာရော ဒါပြီးရင် စစ်ကြောင်းလာလို့ ပြေးကြတာမှာ မသယ်နိုင်တော့တာတွေရောကြောင့် ဖြစ်မယ်ဗျ ” လို့ ဒေသခံတဦးက ပြောပါတယ်။ 
ဓာတ်ပုံ – ယောအလင်းတန်း