မင်းလှမြို့နယ်မှာ စောင့်ကြိုတိုက်ခိုက်ခံရလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရှစ်ဦးကျဆုံး

မေ၊ ၃၁
 
မကွေးတိုင်း၊ မင်းလှမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မြေသယ်ကား (FAW)ကို စစ်ကောင်စီတပ်က စောင့်ကြိုတိုက်ခိုက်တာကြောင့် မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရှစ်ဦးကျ ဆုံးခဲ့ပြီး တဦးကတော့ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
 
” သူတို့ပြန်မလာခင် ရက်ပိုင်းလောက်က တယောက် စစ်ကောင်စီနဲ့သွားပေါင်းပြီး အခုလိုဖြစ်တာ‌‌ ” လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
တိုက်ခိုက်ခံရမှုအတွင်း ဖမ်းဆီးခံလိုက်ရတဲ့ တပ်ဖွဲ့ဝင်တဦးဟာလည်း ဒဏ်ရာတွေကြောင့် ကျဆုံးသွားပြီလို့ သိထားရတယ်လို့ သူကဆိုပါတယ်။
 
မကွေးတိုင်း သရက်-ကံမ-မင်းတုန်း ဒေသမှာ လှုပ်ရှားတဲ့ Eagle Force တပ်ဖွဲ့က တပ်ဖွဲ့ဝင်ရှစ်ဦးဟာ မေလ ၂၉ ရက်က ခရီးသွားနေကြချိန် မင်းလှမြို့နယ် ဒီးဒုတ်ကန်ရွာအနီးအရောက်မှာ တိုက်ခိုက်ခံရတာလို့ Eagle Force တပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်ကလည်း အတည်ပြုပါတယ်။
” တိုက်ပွဲဖြစ်ခဲ့တာပါ၊ ကျွန်တော်တို့ဘက်က အထိအခိုက်များပြီး သူတို့ဘက်က တယောက် ဒဏ်ရာပြင်းထန်လို့ မကွေးဆေးရုံကြီးမှာ ကုသနေရတယ် ” လို့ သူကပြောပါတယ်။
အဲ့ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်အုပ်စုရဲ့ တယ်လီဂရမ်ချန်နယ်တွေကလည်း ဖော်ပြကြပြီး PDF ရှစ်ဦးသေဆုံးသလို သေနတ်ခုနစ်လက်၊ ကျည်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်းကလည်း အခုဖြစ်စဉ်နဲ့အလားတူ FAW ကားနဲ့ ခရီးထွက်လာတဲ့ PDF တပ်ဖွဲ့ဝင်တွေ မကွေးတိုင်း၊ ပွင့်ဖြုမြို့နယ်၊ မဲဇလီ တံတားပေါ်မှာ စောင့်ကြိုတိုက်ခိုက်ခံရလို့ စုစုပေါင်း (၁၂)ဦးကျဆုံးခဲ့ပါတယ်။ 
ဓာတ်ပုံ – စစ်အုပ်စုတယ်လီဂရမ်