စစ်ကောင်စီက မုံရွာ-ယာကြီး လမ်းပေါ်ကို လေကြောင်းတိုက်ခိုက်လို့ နေအိမ်တလုံးပျက်စီး

မေ၊ ၃၁
 
စစ်ကိုင်းတိုင်း၊ ကနီမြို့ရဲ့ အနောက်မြောက်ဘက် ၂၈ မိုင်အကွာက ပေါက်အင်းမြိုင်ကျေးရွာ ကို စစ်ကောင်စီက မေလ ၃၁ ရက် ဒီကနေ့ မနက် ၁၁ နာရီခွဲအချိန်မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်တလုံး ပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
“ လေယာဉ်က အနောက်ကနေ လာတာ။ လမ်းမှာ ရမ်းပြီး ပစ်သွားတာ။ အိမ်တအိမ်ပွင့်သွားတယ်။ လူအထိခိုက်တော့ မရှိဘူး။ စာသင်ကျောင်းကို ကြဲတယ်ဆိုတာကတော့ ကောလဟာလတွေပါ “ လို့ အဲဒီတပ်ဖွဲ့ဝင်က DNA ကိုပြောပါတယ်။
 
ကနီမြို့နယ် မုံရွာ-ယာကြီး-ကလေးဝလမ်း၊ မိုင်တိုင်၂၈ နားက ပေါက်အင်းမြိုင်ရွာ အနီးဝန်းကျင်ကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ဒီမနက်ပိုင်းမှာ (MI-35) တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ပစ်ခတ်သွားတာတာကြောင့် မနက်ခင်းပိုင်းကတော့ ဒေသခံတွေ တိမ်းရှောင်ခဲ့ကြရတယ်လို့ သူကဆိုပါတယ်။
 
စစ်ကောင်စီရဟတ်ယာဉ် ပြန်သွားပြီး အန္တရာယ်ကင်းချိန်ရောက်တော့မှ မနက်ပိုင်းက ရှောင်တိမ်းခဲ့တဲ့ ဒေသခံတွေဟာ ကိုယ့်နေအိမ်ကို ပြန်လာကြတယ်လို့လည်း အဲဒီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
 
ပြီးခဲ့တဲ့ မေလ ၁၉ ရက် ကလည်း မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ကနီနဲ့ ယင်းမာပင်မြို့နယ်အစပ်၊ အလောင်းတော်ကဿပ တောင်ခြေ၊ ကပိုင်-လက္ကပြား လမ်းပိုင်းကို ပြုပြင်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီလေကြောင်းက လာရောက်ပစ်ခတ်ခဲ့ပါသေးတယ်။
 
အဲဒီလို စစ်ကောင်စီရဲ့ လေကြောင်းက ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတဦး ကျည်ထိမှန်ပြီး ဒဏ်ရာရခဲ့တဲ့အပြင် လမ်းပြုပြင်နေရာမှာ သုံးနေတဲ့ မြေသယ်ကား နှစ်စီး ပျက်စီးခဲ့သေးတယ်လို့လည်း အဲဒီကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
 
“ စစ်ကောင်စီကတော့ သူတို့မှာရှိတဲ့ လက်နက်တွေနဲ့ ပြည်သူတွေကိုရော ကာကွယ်ရေးရဲဘော်တွေရော ဝါးလုံးသိမ်း တိုက်ခိုက်နေပါတယ်။ ပြည်သူတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့လည်း စစ်ကောင်စီရဲ့လေကြောင်းရန်ကာကွယ်ရေး၊ လက်နက်ကြီးရန်ကာကွယ်ရေး အနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ် ” လို့ အဲဒီတပ်ဖွဲ့ဝင်က ပြောပါတယ်။ 
ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ