မေ၊ ၃၁
ကစားသမားတွေကို လုပ်ခလစာ ပေးချေမှုမှာ စည်းမျဉ်းတွေ ချိုးဖောက်ခဲ့လို့ ပြဿနာ ကြုံနေတဲ့ အီတလီ စီးရီးအေကလပ် ဂျူဗင်းတပ်စ်ဟာ အီတလီ ဘောလုံး အဖွဲ့ချုပ် (FICG)ရဲ့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး အမှုကို အဆုံးသတ်လိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဂျူဗင်းတပ်စ် အသင်းက ယူရို ၇၁၈၀၀၀ ပေးချေဖို့ သဘောတူခဲ့တဲ့နောက် အီတလီ ဘောလုံး အာဏာပိုင်တွေက စွဲချက်တွေကို ရှေ့မဆက်တော့ဖို့ သဘောတူခဲ့ပါတယ်။ အီတလီ ဘောလုံးလောကရဲ့ အောင်မြင်မှု အကြီးဆုံး ကလပ်အသင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အသင်းရဲ့ အပြောင်းအရွှေ့ ကိစ္စတွေနဲ့ ပတ်သက်လို့ သီးခြား စစ်ဆေးမှု တခုအရ ပြစ်မှုထင်ရှားတယ်ဆိုပြီး ရမှတ် ၁၀ မှတ် ဖြတ်တောက် လျှော့ချ ခံခဲ့ရပါတယ်။
နောက်ဆုံး သဘောတူညီမှုအရ ဂျူဗင်းတပ်စ်ဟာ အဲဒီ ၁၀ မှတ်လျှော့ ပြစ်ဒဏ်ကိုရော၊ ဒဏ်ငွေကိုပါ လက်ခံခဲ့တယ်လို့ သိရပါတယ်။ အဲဒီအတွက် FICGကလည်း အသင်းမှာ အရင်က ဖြစ်ခဲ့တဲ့ လုပ်ခလစာနဲ့ အပြောင်းအရွှေ့ဆိုင်ရာ စည်းမျဉ်း ချိုးဖောက်ခဲ့မှုတွေကို ဆက်လက် စစ်ဆေးတော့မှာ မဟုတ်ပါဘူး။
အလားတူ စွဲချက်တွေနဲ့ ပတ်သက်လို့ တူရင်မြို့ အခြေစိုက် ကလပ်အသင်း ဆက်နွှယ်ပါဝင်နေတဲ့ အပိုင်းတွေကိုလည်း စွဲချက်တင် စစ်ဆေးတော့မှာ မဟုတ်ဘူးလို့ FICGက အတည်ပြုပါတယ်။
ဒါပေမဲ့ အသင်းနဲ့ ဆက်နွှယ်ခဲ့တဲ့ လူပုဂ္ဂိုလ် တချို့ကိုတော့ သီးခြား ဒဏ်ကြေးနဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားမှာပါ။ ဂျူဗင်းတပ်စ်ရဲ့ဒုတိယ ဥက္ကဋ္ဌဟောင်း ပေဗယ်လ် နက်ဗက်၊ အားကစား ဒါရိုက်တာနဲ့ စီမံရေးရာ ဒါရိုက်တာဟောင်း ဖေဘီယို ပါရာတီစီတို့ဟာ ဒဏ်ကြေးတွေ ချမှတ် ခံရပြီး ဥက္ကဋ္ဌဟောင်း အန်ဒရီရာ အက်ဂ်နယ်လီရဲ့ ပြစ်ဒဏ်ကတော့ အခုနောက်ဆုံး သဘောတူညီမှုနဲ့ အကျုံးမဝင်ပါဘူး။ ဒါကြောင့် သူဟာ ဘောလုံးလောကနဲ့ ၂ နှစ်တာ ကင်းကွာနေရမယ်ဆိုတဲ့ ပြစ်ဒဏ်ကို ဆက်လက် ကျခံရမှာ ဖြစ်ပါတယ်။
အခုလို ညှိနှိုင်း သဘောတူနိုင်ခဲ့တာဟာ အသင်းအတွက် ဖိစီးမှုတွေ၊ မတည်ငြိမ်မှုတွေနဲ့ ကြုံနေရတဲ့ အခြေအနေကနေ ရုန်းထွက်စေနိုင်ခဲ့တယ်လို့ ဂျူဗင်းတပ်စ်က ထုတ်ပြန်ပါတယ်။
၁၀ မှတ်လျော့ ပြစ်ဒဏ်ကြောင့် ဂျူဗင်းတပ်စ်ဟာ အမှတ်ပေးဇယား အဆင့် ၇ နေရာထိ ကျဆင်းသွားပြီး လာမယ့်ရာသီ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ပါဝင်ခွင့်အတွက် မရေမရာ အခြေအနေတွေ ကြုံလာရပါတယ်။ ဒါပေမဲ့ အီတလီ စီးရီးအေ အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်မှာ အနိုင်ရပြီး ရှေ့အသင်းတချို့ ခြေချော်ရင်တော့ အဆင့် ၅ နေရာထိ မျှော်လင့်နိုင်ပြီး ယူရိုပါလိဂ်၊ ဒါမှမဟုတ် ယူရိုပါ ကွန်ဖရင့်လိဂ် ပြိုင်ပွဲတွေမှာ ပါဝင်ဖို့ မျှော်လင့်ချက် ခပ်ရေးရေး ကျန်နေဆဲ ဖြစ်ပါတယ်။