ပုလောမှာ အမျိုးသမီးသုံးဦးအပါအဝင် အရပ်သားငါးဦးကို စစ်ကောင်စီ ဖမ်းဆီးသွား

မေ၊ ၃၀

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အမျိုးသမီးသုံးအပါအဝင် အရပ်သား ငါးဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးနှိပ်စက်ပြီး ခြေလျင်တပ်ရင်း(၂၈၅)ထဲကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDFတွေထံက သိရပါတယ်။

“ အခု ဖမ်းခံထားရတဲ့သူတွေက ဇရပ်ဆိပ်က လေးဦးနဲ့ တခြားရွာက တဦးပါ။ ရွာထဲဝင်လာတဲ့အချိန်တော့ စာရင်းနဲ့ အမည်နဲ့တကွ လာပြီး ဖမ်းသွားတာလို့ ပြောတယ်။ သူတို့ပြောတာတော့ PDF တွေ နဲ့ ပတ်သတ်နေတာ သတင်းရလို့ လာဖမ်းတာပဲ။ ကျွန်တော်လည်း ရွာကနေ ရှောင်ပြေးနေတော့ ဘယ်သူလဲ တိတိကျကျမသိနေဘူး၊ ဆက်သွယ်ရေးလည်း ခက်ခဲတယ်ဗျ၊ ဒီဘက်ကလေ။” လို့ ဇရပ်ဆိပ်ရွာခံတဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့သူငါးဦးဟာ အသက် ၂၀ ကျော်ကနေအသက် ၃၀ ကျော်အရွယ် အမျိုးသမီး သုံး ဦးနဲ့ အမျိုးသားနှစ်ဦး စုစုပေါင်းငါးဦးဖြစ်တယ်လို့ လည်းဒေသခံတွေကပြောကြပါတယ်။

ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းမှာ ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက မေလ ၂၈ ရက်က ဇရပ်ဆိပ်ကျေးရွာထဲကို ရောက်ရှိလာပြီး အရပ်သား ၇ ဦးကို ဖမ်းဆီးခဲ့ပြီး ကျေးရွာဘုန်းတော်ကြီးကျောင်းမှာ စစ်ဆေးမေးမြန်းတာတွေပြု လုပ်ခဲ့ပါတယ်။

စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့ပြီးနောက် နှစ်ဦးကို ပြန်လွတ်ပေးကာ မေလ ၂၉ ရက် မနက်မှာတော့ ကျန်တဲ့ ငါး ဦးကို လက်ပြန်ကြိုးတုပ်ကာ ဇရပ်ဆိပ်ရွာကနေတဆင့် ပုလောမြို့ ဘက်ကို ရေလမ်းကနေ စစ်ကောင်စီခြေလျင်တပ်ရင်း ၂၈၅ ထဲကို ခေါ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ ဖမ်းသွားတဲ့သူတွေအခု ၂၈၅ တပ်ရင်းကို ရောက်သွားပြီး၊ ဘာလို့ ဖမ်းသွားလဲမသိဘူး၊ ရိုက်ခံထိထားတဲ့ ဒဏ်ရာတွေလည်း ရှိတယ်၊” လို့ ဇရပ်ဆိပ်ရွာခံတဦးက ပြောပါတယ်။

စစ်ကောင်စီက အဲဒီအရပ်သားတွေကိုဖမ်းဆီးတာကိုမြင်လိုက်တဲ့ ဒေသခံအချို့ကတော့ ဖမ်းဆီးခံရသူတွေဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ပတ်သတ်လား ၊မပတ်သတ်လားဆိုတာ မသိပေမယ့် ဒီမနက်အထိမိသားစုဝင်တွေဟာ သူတို့နဲ့ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုတဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး  ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကတော့ “ ကျွန်တော်တို့လည်း စုံစမ်းနေဆဲပါ၊ အခုသိရသလောက်တော့ ဘာမှ မဆိုင်ဘူး၊ ကျွန်တော်တို့တောင် မသိကြဘူး၊ ပြောလို့မရဘူးလေ၊ ဒီကောင်တွေက ပြည်သူတွေကို အကြောက်တရားသွင်းနေတာပဲ၊ ခြောက်ပြီး ခေါ်သွားတာများလားပေါ့နော့်။” လို့ ပြောပါတယ်။

ပုလောမြို့ဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့မြို့ပေါင်း ၄၇ မြို့မှာပါဝင်တဲ့အတွက် အဲဒီလိုဖမ်းဆီးနှိပ်စက်ပြီး သူတို့နေထိုင်တဲ့ တပ်ရင်းထဲကို ခေါ်ဆောင်သွားတဲ့ အပေါ် မိသားစုဝင်တွေနဲ့ ဒေသခံတွေက ဖမ်းဆီးခံရသူတွေရဲ့ အသက်အန္တရာယ်နဲ့ပတ်သတ်ပြီး စိုးရိမ်နေကြတာလည်းရှိပါတယ်။

‘’အဲဒီတပ်ရင်းထဲရောက်သွားရင်တော့ မလွယ်ဘူး၊ ပြန်လွတ်ဖို့ကလေ၊ စိုးရိမ်ရတာပေါ့၊ အခန့်မသင့်ရင် အလောင်းတောင် ပြန်မရနိုင် တဲ့ အခြေအနေဖြစ်လာနိုင်တယ်’’ လို့ဇရပ်ဆိပ်ရွာခံတဦးက ပြောပါတယ်။

ပုံစာ – တနင်္သာရီတိုင်း၊သရက်ချောင်းမြို့နယ် ၊ရငဲကျေးရွာမှာပြီးခဲ့တဲ့ဧပြီလ ၂၃ရက်က စစ်ကောင်စီတပ်ဖွဲ့တွေ ကဒေသခံတွေကိုဖမ်းဆီးခေါ်ဆောင်သွားစဉ်။